Monday, June 10, 2019

ပေါင်မြို့နယ် ဆင်ရွာကျေးရွာရှိ ရေတံခွန်၌ အပန်းဖြေရေကစားသူ အမျိုးသားသုံးဦး ရေစီးဖြင့်မျောပါသွားရာ တစ်ဦး၏အလောင်း ဆယ်ယူရရှိပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်

မွန်ပြည်နယ် ပေါင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ဆင်ရွာကျေးရွတွင် တည်ရှိသော ရေတံခွန်၌ ဇွန်၈ရက် နံနက် ၁၀ နာရီခန့်က အပန်းဖြေရေကစားသူ အမျိုးသားသုံးဦး ရေစီးဖြင့် မျောပါခဲ့ရာ တစ်ဦး၏ ရုပ်အလောင်းကိုသာ ပြန်လည်ရရှိထားပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။


“ဒီဆင်ရွာရေတံခွန် ပတ်ဝန်းကျင်းမှာက ရေအိုင်ကြီးတွေ့တယ်။ နောက်ရေစီးကလည်း သန်တယ်။ ရေတံခွန်အောက်ဘက်နားမှာ ရေသွားကစားကြရင်း ဖြစ်တာလို့သိရတယ်။ ကောင်လေး နှစ်ယောက် ရေနစ်တာကို လိုက်ဆယ်ရင်းနဲ့ရွာက စောနိုင်ဦးပါ ရေနဲ့ပါသွားတာလို့ သိရတယ်။ မနေ့ကတော့ ရွာက စောနိုင်ဦးရဲ့ အလောင်းကို ဆယ်လို့ရတယ်။ မော်လမြိုင်ကလာကြတဲ့ ကောင်းလေးနှစ်ယောက်ကိုတော့ ရှာမတွေ့သေးဘူး” ဟု ဆင်ရွာကျေးရွာ ဒေသခံဦးမြတင်က ပြောကြားသည်။

ရေစီးဖြင့် မျောပါသွားသူ အမျိုးသားသုံးဦးအနက် ဆင်ရွာကျေးရွာ ရွာသစ်ပိုင်းတွင်နေထိုင်သူ စောနိုင်ဦး (၃၀ နှစ်)၏ ရုပ်အလောင်းအား ဇွန် ၈ ရက် မွန်းလွဲပိုင်းအချိန်က ရှာဖွေတွေ့ရှိခဲ့ပြီး၊ ကျန်နှစ်ဦးကိုမှု ယနေ့ နံနက်ပိုင်းအထိ မတွေ့သေးကြောင်း ဆင်ရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦစောထွေးဝင်းက ပြောကြားသည်။ “မနေ့က ညနေပိုင်းထိတော့ ရှာကြသေးတယ်။ ပျောက်နေတဲ့နှစ်ဦးကို အခုအချိန်အထိတော့ မတွေ့သေးဘူး။ လောလောဆယ် ရှာဖွေမှုခဏရပ်ထားတယ်။ မိသားစုဝင်တွေ ရောက်ရင်တော့ ရှာဖွေမှုကို ထပ်လုပ်ပါဦးမယ်။ ပျောက်နေတဲ့ ကောင်လေးတွေက ရန်ကုန်ဇာတိလို့ ပြောတယ်။ မော်လမြိုင်မှာ အလုပ်လုပ်နေကြတယ်လို့ သိရတယ်။ တစ်ဦးက မောင်ဇင်ကိုဦး (၁၉ နှစ်) ၊ နောက်တစ်ဦးက မောင်ပိုင်ဖြိုးလင်း (၁၉နှစ်)။ ဒီမှာ ရေလာကစားရင်းနဲ့ အခုလိုဖြစ်ခဲ့ကြတာပါ” ဟု ဆင်ရွာကျေးရွာအုပ်ချုပ်ရေးမှူး ဦစောထွေးဝင်းက ဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရေနစ်သေဆုံးသူများ၏ ရုပ်အလောင်းများ ဆယ်ယူရရှိပါက သေမှု၊ သေခင်းဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေါင်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

No comments:

Post a Comment