Monday, June 10, 2019

ဦးဝီရသူကို မိအောင်မဖမ်းသည့် အဖွဲ့အစည်းများ သမိုင်းဆိုးမည်ဟု သာသနာရေးတာဝန်ရှိသူသတိပေး ၀ရမ်းထုတ်ပြီး နှစ်ပတ်ခန့်အထိ ရဲတပ်ဖွဲ့က ဖမ်းမမိသေး

ဖမ်းဝရမ်းထုတ် ထားသည့် ဦးဝီရသူကို မိအောင် မဖမ်းသည့် အဖွဲ့အစည်းသည် သမိုင်းဆိုးမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။ ‘‘အဲဒီအဖွဲ့အစည်းတွေက လုပ်ဖို့ လိုတယ်လေ။ မလုပ်လည်းဘဲ ထားလည်း ဘာမှမဖြစ်ဘူးပေါ့ လေ။ မလုပ်လည်းဘဲ ထားရင်တော့ သမိုင်းတစ်ခုကတော့ ဆိုးတာ ပေါ့။ သမိုင်းကလည်း ဟိုဟာဖြစ်လာမှာပေါ့။ အဲဒီတော့ ခုနက ပြောသလို လုပ်ခြင်း၊ မလုပ်ခြင်းက တော့ သူတို့ရဲ့ အဆုံးအဖြတ်နဲ့ သူတို့ရဲ့ ရပ်တည်မှုအပေါ်ပဲ မူတည် တယ်လေ’’ ဟု ၎င်းက 7Day Daily သတင်းစာအား ပြောသည်။

ဦးဝီရသူကို အမှုဖွင့်ထားရာ ဒေသအကြီးအကဲ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ် တိုင် ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဟု ပြောဆိုထားသော် လည်း ၀ရမ်းသာရှိပြီး ဖမ်းမမိသေးသည့် အခြေအနေရှိကြောင်း ဦးဇာ နည်ဝင်းက ထောက်ပြသည်။

 ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ဦးဝီရသူကို မေလ ၃၀ ရက်က ဆုံးမသြ၀ါဒပေးရန် စီစဉ်ခဲ့သော်လည်း ယင်းမတိုင်မီနေ့တွင် ဆိုင်းငံ့ကြောင်း သာသနာရေးဦးစီးဌာနက သတင်း ထုတ်ပြန်မှုနှင့် စပ်လျဉ်း၍ ဆက် လက်မေးမြန်းရာ ‘‘တိုင်းသံဃနာ ယကတော့ လက်ရှိအားဖြင့် လောလောဆယ် ရက်ကို ကြေညာဦးမှာ မဟုတ်သေးဘူး။ ခုနက ပြောသ လို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မအရ အရေးယူပြီးမှသာ ဆုံးမတာလည်း လုပ်လို့ရတယ်လေ’’ ဟု ၎င်းက ပြောသည်။

နိုင်ငံတော်အကြီးအကဲများ ကို ရည်ညွှန်းသည်ဟု ယူဆနိုင် သည်များကို မြိတ်မြို့နှင့် ရန်ကုန်မြို့တို့တွင် ဟောပြောပြီးနောက် ဦးဝီရသူကို နိုင်ငံတော်အကြည်ညို ပျက်စေမှုဆိုင်ရာ ပုဒ်မ ၁၂၄ (က) ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်း က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် မေလ ၂၈ ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားရုံး က လက်ခံကာ ရဲတပ်ဖွဲ့ထံ ၀ရမ်း ထုတ်ပေးထားခြင်းဖြစ်သည်။

တရားရုံးက ချိန်းဆိုထား သည့် ဇွန်လ ၄ ရက်အထိ ဦးဝီရသူကို ဖမ်းမမိသေး၍ တရားရုံးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၂ အရ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း မည်သည့်နေရာတွင်မဆို ဖမ်းဆီးနိုင်သည့် ဖမ်းဝရမ်းကို ယင်းနေ့တွင်ပင် ရဲတပ်ဖွဲ့ထံ ထပ်မံ ပေးအပ်ထားသည်။ သို့သော် ယမန်နေ့ညအထိ ဦးဝီရသူကို ဖမ်းမိသေးခြင်း မရှိသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးထံ မေးမြန်းရန် ကြိုး ပမ်းသော်လည်း မရခဲ့ပေ။

ဦးဝီရသူကို ဖမ်းဆီးရမည့် ပြည်ထဲရေးဌာန၀န်ကြီးဌာနသည် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် အမည်စာရင်းတင်သွင်းသူ တာဝန်ယူရသည်ဖြစ်ကာ ဖမ်းမမိသေးခြင်းအပေါ် ဝေဖန်မှုများ လည်းရှိနေ၍ ယင်းကိစ္စနှင့် စပ်လျဉ်းပြီး လမ်းညွှန်ချက်ပေးခြင်း၊ ကူညီရှာဖွေနေခြင်းများ ရှိပါသလားဟု တပ်မတော်သတင်းမှန် ပြန်ကြားရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီထံ မေးမြန်းရာ ‘‘မရှိပါဘူး၊ မရှိပါ ဘူး’’ ဟု ပြန်လည်ဖြေကြားသည်။

နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကမူ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဦးဝီရသူသွား လာတတ်သည့် နေရာများကို စောင့်ကြည့်နေပြီး ရှာဖွေစုံစမ်းနေ ကြောင်း၊ ၎င်းတို့တာဝန်နှင့် စည်းမျဉ်းစည်းကမ်းများအရ လုပ် ဆောင်နေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောထားသည်။

ထို့အတူ ဦးဝီရသူကို အရေး ယူဆောင်ရွက်မှုနှင့်ပတ်သက်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေးထိခိုက်အောင်ပြုလုပ်ပါက ဥပဒေနှင့်အညီ တိတိကျကျ ပြတ်ပြတ်သား သား လုပ်ဆောင်မည်ဟုလည်း ဦးဇော်ဌေးက ဆိုထားသည်။ ဦးဝီရသူကို တရားစွဲဆိုထား သည့် ပုဒ်မ ၁၂၄ (က) သည် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်နိုင်သည်။

No comments:

Post a Comment