Monday, June 10, 2019

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေး စီမံကိန်းဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်းချေးယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်း ချေးယူရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ ဇွန် ၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေး စီမံကိန်းဆောင်ရွက်ရန် နယ်သာလန် နိုင်ငံ၊ FMO နှင့် ING Bank  ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်း ချေးငွေရယူရေးနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းမှုများပြုလုပ်ပြီးနောက် ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိသည့်အတွက် အတည်ပြုခဲ့သည်။



စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ကြီးတံခွန် ရေပေးဝေရေးစီမံကိန်းသည် မြို့သစ်တည်ဆောက်ပြီး ၂၅ နှစ်ကျော်ကြာသည်အထိ ရေကောင်းရေသန့် သုံးစွဲခွင့်မရသော ပြည်သူများကို သန့်စင်သည့် သောက်သုံးရေ ဖြန့်ဝေမည့် ပြည်သူ့ဝန်ဆောင်မှုဖြည့်ဆည်း ပေးသည့် လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မန္တလေးမြို့လူထုအတွက် ယုံကြည်စိတ်ချရသော ရေကောင်းရေသန့်ကို နှစ်ကာလရှည် ဖြန့်ဖြူးပေးသွားနိုင်ရန် အဆင့်မြင့်နည်းပညာ စက်ကိရိယာများအသုံးပြု သည့် နည်းပညာမြင့် ရေသန့်စင်စနစ် ပါဝင်သော စီမံကိန်းဖြစ်၍ ကုန်ကျစရိတ်နှင့် အရင်းကျေကာလတို့၏ ရှုထောင့်မှကြည့်ခြင်းထက် ပြည်သူ့ဝန်ဆောင်မှု ရှုထောင့်မှကြည့်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း လွှတ်တော်၌ ပြောကြားခဲ့သည်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ကော်မတီမှ ငှားရမ်းထားသောမြေနှင့် အဆောက်အအုံ၊ ငှားရမ်းခနှုန်းထားများကို ခေတ်ကာလနှင့်လိုက်လျောညီထွေမှု ရှိစေမည့် ငှားရမ်းခများဖြစ်စေရန် ပြင်ဆင်သတ်မှတ်ခြင်း၊ ရေခွန်ကို ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ တစ်ယူနစ်လျှင် ၈၅ ကျပ်မှ ၂၀ဝ ကျပ်သို့ တိုးမြှင့်ကောက်ခံခြင်း၊အခွင့်အရေးလိုင်စင်၊ လုပ်ငန်းလိုင်စင်ခများကိုလည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစ၍ တိုးမြှင့်ကောက်ခံခဲ့ခြင်း၊ ယခင်က မရှိခဲ့သည့်  အိမ်ငှားလိုင်စင်နှင့် သန့်ရှင်းရေးခွန်အစား အမှိုက်သိမ်းဆည်းခကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ကောက်ခံခြင်းတို့ကြောင့် ပုံမှန်ဝင်ငွေထက် ပိုမိုရရှိလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် ဒုဋ္ဌဌဝတီမြစ်တစ်လျှောက်ရှိ အပန်းဖြေစခန်းနှင့် ကျေးရွာများမှထွက်ရှိသည့် စွန့်ပစ်အမှိုက်နှင့် စွန့်ပစ်ရေဆိုးတို့အတွက်လည်း  မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းညှိနှိုင်း၍ လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာမှာ ပြည်ကြီးတံခွန်မြို့နယ် နှင့်တစ်ဆက်တည်းရှိနေသည့်အတွက် ကျေး ရွာလေးရွာ၏ သောက်သုံးရေရရှိရေးကိုလည်း စီမံကိန်းနှင့်တစ်ပါတည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပြီးပါက စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာနနှင့် နယ်သာလန်နိုင်ငံ FMO နှင့် ING Bank တို့နှင့် ညှိနှိုင်းပြီး ချေးငွေစာချုပ်ချုပ်ဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်ပြီး စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာနနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့အကြား လုပ်ထုံးလုပ်နည်းများနှင့် ထပ်ဆင့်ချေးငွေစာချုပ်ကို ချုပ်ဆိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

No comments:

Post a Comment