Monday, June 10, 2019

ဝက်ဝံငယ်လေးတစ်ကောင်ကို ကွန်ဒိုတိုက်ခန်းထဲလှောင်ထားတဲ့ အဆိုတော်တစ်ဦး မလေးရှားမှာ အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Desa Pandan ကွန်ဒိုတိုက်ခန်းတစ်ခန်းထဲမှာ ၀က်ဝံငယ်လေးတစ်ကာင်ကို ပိုင်ဆိုင်မှုအထောက်အထားမပြနိုင်ပဲ လှောင်ထားတဲ့ အသက်(၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က မနေ့က(ဇွန် ၇)ဖမ်းဆီး အရေးယူလိုက်ပါတယ်။ သတင်းအရ သဘာဝတောရိုင်းတိရိစ္ဆာန်နဲ့ အမျိုးသားဥယျာဉ်ဆိုင်ရာ ထိန်းသိမ်းရေးဌာနက အဲဒီ ကွန်ဒိုတိုက်ခန်းကို စီးနင်းရှာဖွေခဲ့တာဖြစ်ပါတယ်။ ”သူ့ဆီမှာ အဲဒီဝက်ဝံလေးကို ပိုင်ဆိုင်ကြောင်း အထောက်အထားမရှိပါဘူး”လို့ သဘာဝတောရိုင်းတိရိစ္ဆာန်နဲ့ အမျိုးသားဥယျာဉ်ဆိုင်ရာ ထိန်းသိမ်းရေးဌာနက ညွှန်ချုပ်ကပြောပါတယ်။



”အဲဒီအမျိုးသမီးဟာ အဆိုတော်တစ်ယောက်ဖြစ်ပြီး၊ သူ့အနေနဲ့ သဘာဝတောရိုင်းတိရိစ္ဆာန်တစ်ကောင်ဖြစ်တဲ့ ၀က်ဝံလေးကို အန္တရာယ်ပြုခဲ့သေးလားဆိုတာကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲပါ”လို့လဲ ညွှန်ချုပ်ကပြောပါတယ်။ လက်ရှိမှာတော့ ၂၀၁၀ခုနှစ် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအက်ဥပဒေအရ အရေးယူထားတာဖြစ်ပါတယ်။

အဲဒီအမျိုးသမီးရဲ့ နာမည်ကိုတော့ သက်ဆိုင်ရာက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။ ၀က်ဝံလေး ကွန်ဒိုခန်းပြူတင်းပေါက်ကနေခေါင်းထွက်ပြီး အော်နေတဲ့ ၅ စက္ကန့်စာ မူဗီဖိုင်ဟာလဲ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်။ အဲဒီ ၀က်ဝံလေးအော်သံကို ဘေးနားက အခန်းနီးချင်းတွေကကြားပြီး၊ ၀က်ဝံလေးပြူတင်းပေါက်ကနေ ခေါင်းထွက်ပြီအော်နေတာကိုပါ တွေ့ကြတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရာက ခုလို သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီဝက်ဝံလေးဟာ ၆လသားအရွယ်ပဲရှိသေးပြီး၊ လက်ရှိမှာတော့ သဘာဝတောရိုင်းတိရိစ္ဆာန်နဲ့ အမျိုးသားဥယျာဉ်ဌာနက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment