
မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်း က ' “ရေက ပြန်ကျနေပြီ။ စိုးရိမ်ရေမှတ် ကျော်နေသေးတယ်။ မြစ်ကြီးနားမြို့နယ်အတွင်းမှာ စစ်ရှောင်စခန်း ပြောင်းရွေ့အပါအဝင် လူပေါင်း ၇၇၀ဝ ကျော်သွားပါပြီ။
လူအသေအပျောက် မရှိပါဘူး။ စာသင်ကျောင်း ၁၇ ကျောင်းကို ပိတ်ထားရပါတယ်''ဟု ပြောကြားသည်။
မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ တနိုင်းမြို့၊ဆင်ဘိုမြို့များနှင့် မြစ်ရိုးကျေးရွာများတွင် ရေများ ဝင်ရောက်နေဆဲဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း အစိုးရ၊ တပ်မတော်၊လူမှုအဖွဲ့အစည်းများက ဆက်လက် ဆောင်ရွက်နေရဆဲဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၁၂ ရက် ညနေပိုင်းစာရင်းများအရ မြစ်ကြီးနား ခရိုင်အတွင်း ချီဖွေ၊ မြစ်ကြီးနား၊ ဝိုင်းမော် မြို့နယ်များ ထိခိုက်ခဲ့ပြီး အိထောင်စု ၁၂၂၆စု ၊ လူဦးရေ ၅၀ဝ၀ ကျော်ကို ဘေးလွှတ်ရာသို့ ပြောင်းရွေ့ခဲ့ရကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး မှတ်တမ်းများအရ သိရသည်။
မြစ်ကြီးနား-မန္တလေး ကားလမ်းမှာ ရှဒေါင်ကျေးရွာနှင့် မော်ဖောင်းကျေးရွာကြားရှိ နန့်ကွေ့ချောင်း တံတား ဝန်းကျင်တွင် ရေသုံးပေခန့်ကျော်နေသဖြင့် ဖြတ်သန်းသွာလာ၍ မရသေးကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင်း လမ်းပိုင်းများတွင် လေယာဉ်းသွားရာ ပြည်ထောင်စုလမ်းမကြီး၊ စီတာပူ မနော အားကစားကွင်းလမ်း၊ ဂျပန်တံတားလမ်း၊ စီတာပူ မနောကွင်းလမ်းမကြီး၊ လယ်ကုန်းလမ်းမကြီး ၊ ရမ်ပူ လမ်းသွယ် ၂၄ ၊ ကြက်ပေါင်ခြံ လမ်းမကြီးများမှာ ရေများ ကျော်နေဆဲဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် စံချိန်တင် ရေကြီးမှုများအဖြစ် ၁၉၇၉ ခုနှစ်တွင် ၁၄၁၃ စင်တီမီတာ၊ ၁၉၉၇ ခုနှစ်တွင် ၁၄၁၁ စင်တီမီတာ၊ ၂၀ဝ၄ခုနှစ်တွင် ၁၄၀၇ စင်တီမီတာအထိ တက်ရောက်ခဲ့ ကြောင်း မှတ်တမ်းများအရ သိရသည်။
No comments:
Post a Comment