
"ခန္တီးရယ် ကသာရယ် ဟုမ္မလင်းရယ်ကတော့ စိုးရိမ်ရေအမှတ်ရောက်တော့ မရောက်သေးဘူးပေါ့နော်။ စိုးရိမ်ရေအမှတ်ရောက်ဖို့တစ်ပေ နှစ်ပေဆီလောက်တော့လိုသေးတယ်။ ချင်းတွင်းမြစ်ရေကြီးရေလျှံနေတဲ့အတွက် ခန္တီးမြို့နယ်မှာ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းရတဲ့ ဒေသခံတွေရှိတယ်။ ပြီးရင်တော့ ဧရာဝတီမြစ်ရေကြီးနေတဲ့အတွက်ကသာမြို့နယ်မှာလည်း ရေဘေးလွတ်တဲ့နေရာကို ရွှေ့ပြောင်းပေးရတဲ့ဒေသခံတွေရှိတယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီးညွှန်ကြားရေးမှုးဦးစဝီလီဖရန့်က ပြောကြားသည်။
တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးကနေ ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်နှစ်ခုတို့သည် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ထို့အပြင် ကယ်ဆယ်ရေးရေဘေးဒုက္ခသည်စခန်းအချို့ကိုလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
ချင်းတွင်းမြစ်ရေကြီးရေလျှံမှုဖြစ်နေသည့်အတွက် ခန္တီးမြို့နယ်တွင် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့်အိမ်ထောင်စု ၁၃စုနှင့်လူဦးရေ ၄၄ ဦးအထိရှိကြောင်း ဧရာဝတီမြစ်ရေကြီးရေလျှံမှုဖြစ်နေသည့်အတွက် ကသာမြို့နယ်တွင် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့် အိမ်ထောင်စု ၉ စုနှင့်လူဦးရေ ၅၅ ဦး အထိရှိကြောင်း သိရသည်။
No comments:
Post a Comment