
“မနက်က ၅ နာရီ အချိန်ပေါ့၊ ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ် ပြည်လမ်း နာရီစင်မှတ်တိုင်ရှေ့ ရန်ကုန်ကနေ ပဲခူးဘက်ကို မောင်းနှင်လာတဲ့ ဟိုင်းလက်ယာဉ်က စလစ်ဖြစ်တယ်လို့ ပြောလို့ရတယ်ပေါ့။ ယာဉ်မောင်းလည်း နည်းနည်း အိပ်ငိုက်တဲ့ပုံမှာ ရှိတယ်။ လမ်းဘေးကို ထိုးစင်းသွားပြီး ဘေးနားမှာရှိတဲ့ အပင်တွေကို တိုက်ပြီး မှောက်သွားတယ်။ ကားပေါ်မှာ ခရီးသည်တွေတော့ ပါမလာဘူး။ အလွတ်ပဲ။ ယာဉ်နောက်လိုက် တစ်ယောက်ပါတယ်။ ယာဉ်မောင်းကတော့ အဲဒီနေရာမှာတင် သေဆုံးသွားတယ်။ ယာဉ်နောက်လိုက်ကတော့ ထွက်ပြေးသွားတယ် ကြားတယ်”ဟု အဆိုပါ ဖြစ်စဉ်အား သွားရောက် ကူညီခဲ့သည့် ပုလဲ အရန်မီးသတ်မှ ကိုထင်လင်းအောင်က ပြောသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အား တာဝန်သိ ပြည်သူများက ဖုန်းဆက် အကူအညီတောင်းခံသဖြင့် ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ သွားရောက် ကူညီဆောင်ရွက်ခဲ့ပြီး သေဆုံးသူ အလောင်းအား အင်းစိန်ဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲများမှာ ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၁၈ ရက်က မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်၊ ပြည်လမ်းမပေါ် ရတနာ (စိုက်ပျိုးရေး) အိမ်ရာရှေ့တွင် ရှစ်မိုင်ဘက်မှ မောင်းနှင်လာသော Hijet ယာဉ်တစ်စီးမှ အရှိန်လွန်ကာ လေဆိပ်ဘက်မှ မောင်းနှင်လာသော YBS ခရီးသည်တင်ယာဉ်အား မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း၊ ထိုသို့ တိုက်မိမှုကြောင့် Hijet ယာဉ်ပေါ်ပါ လူလေးဦးအနက် ခေါင်းခန်းပါ ယာဉ်မောင်း အပါအဝင် ကျားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန် ကျားတစ်ဦး၊ မ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
No comments:
Post a Comment