
ယင်းလေယာဉ်မှာ မြန်မာအမျိုးသားလေကြောင်း(MNA)လိုင်းမှ လေယာဉ်အမှတ် XY-AGQ၊ လေယာဉ်အမျိုးအစား Embraer-190၊ ခရီးစဉ်အမှတ် UB-103 ဖြစ်ပြီး လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က မောင်းနှင်ခြင်းဖြစ်ကာ လေယာဉ်အမှုထမ်း(၇)ဦးနှင့် ခရီးသည်(၈၂)ဦး ပါဝင်သော လေယာဉ်ဖြစ်သည်။
”ကိုယ်ကလဲ ဒါမျိုးကိုမကြုံဖူးဘူးဆိုတော့ ဘယ်လိုပုံစံများဆင်းမလဲလို့ တွေးပြီး အကုန်အသင့်ပြင်ထားလိုက်တာ။ ဖိနပ်တွေလဲချွတ်ထားလိုက်တယ်။ ပစ္စည်းတွေကိုလဲ ယူမနေတော့ဘူး။ လေယာဉ်ကိုဆင်းတော့လဲ ညင်ညင်သာသာပါပဲ။ လေယာဉ်အမှုထမ်းတွေ ကလဲ အကုန်ကူညီကြပါတယ်။ ဆင်းပြီးသွားတော့လဲ အကုန်အဆင်ပြေပါတယ်။ အရေးပေါ်ထွက်ပေါက်တွေကလဲ အဆင်ပြေပြေပဲပွင့်သွားကြပါတယ်။ ဘာမှအခက်အခဲမရှိပါဘူး။ မန္တလေးဝန်ကြီးချုပ်ကတော့ အချိန်မီရောက်တယ်။ အကုန်လုံးလဲ ၀ိုင်းပြီး ကူညီကြတယ်”ဟု ယင်းလေယာဉ်ဖြင့်လိုက်ပါစီးနင်းလာသည့် ခရီးသည်တစ်ဦးဖြစ်သူ ဒေါ်ကေခိုင်ထွန်းက ပြောသည်။
လေယာဉ်ကွင်းထဲသို့ မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် လာရောက်၍ လေယာဉ်မှူးကြီးကို ဂုဏ်ပြုခဲ့သည်။
”ခရီးသည်တွေ ရဲ့ အသက်ကို ဘေးကင်းအောင်ကယ်တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်”ဟု ၀န်ကြီးချုပ်က ချီးကျူးပြောဆိုသည်။
လေယာဉ်စီးခရီးသည်ထဲတွင် အနုပညာ သရုပ်ဆောင်အချို့ လည်းပါဝင်သည်ဟု သိရသည်။
ခရီးသည်တစ်ဦးက ”လေယာဉ်မှူးကြီးပေးတဲ့အသက်ပဲ ရှိပါတော့တယ်။ တော်တော်လေးကို ကျွမ်းကျင်တဲ့ သူပဲ။ သူ့ကြောင့် အားလုံး ဘာမှမဖြစ်ခဲ့တာ”ဟု ပြောသည်။
လေယာဉ်မောင်၊ မယ် တို့ကလည်း ခရီးသည်များ အန္တရာယ်ကင်းအောင် ဂရုတစိုက်ဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြသည့်အပေါ်ကိုလည်း အထူးကျေးဇူးတင်ကြောင်း ခရီးသည်များကပြောသည်။
အဆိုပါဖြစ်ရပ်ကြောင့် အခြားလေယာဉ်ခရီးစဉ်အချို့ DELAY ဖြစ်ခဲ့ကြောင်းသိရသည်။
No comments:
Post a Comment