အမေရိကန်နဲ့ အိန္ဒိယတို့ ဗျူဟာမြောက် မိတ်ဘက်ဖြစ်မှု ပိုနက်ရှိုင်းစေရေး အတူလုပ်ဆောင်နေတယ်လို့ အိန္ဒိယ ပြည်ပရေးရာဌာန ပြောခွင့်ရက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။
မိုဒီဟာ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ထိပ်သီး စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ အဖွဲ့ G-20 ထိပ်သီးညီလာခံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံမှာပါ။
ပွန်ပီယိုဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာနဲ့ တွေ့ဆုံပြီး အပြန်အလှန်နဲ့ ဒေသတွင်းရေးရာ ကိစ္စတွေကို ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဌာန ပြောခွင့်ရက ဆိုပါတယ်။
ပွန်ပီယိုဟာ အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ် ဒိုဗယ်နဲ့လည်း တွေ့ဆုံပြီး အကြမ်းဖက်ဝါဒနဲ့ ကာကွယ်ရေး အပါအဝင် အရေးကိစ္စတွေကို ဆွေးနွေးဦးမှာပါ။
သူဟာ အိန္ဒိယ စီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အိန္ဒိယ နိုင်ငံတကာစင်တာမှာ ကျင်းပမယ့်ပွဲမှာ မိန့်ခွန်းပြောမယ်လို့ ဟင်ဒူစတန်တိုင်းမ်စ် သတင်းစာက ဖော်ပြပါတယ်။
အမေရိကန်နဲ့ အိန္ဒိယ ဆက်ဆံရေးဟာ စစ်အေးခေတ်မှာ တရစပ် တိုးတက်လာပေမယ့် ထပ်ဆောင်းခွန်ကိစ္စ၊ သတင်းအချက်အလက် စီးဆင်းမှုနဲ့ အွန်လိုင်းစီးပွားရေးအပေါ် အိန္ဒိယက စည်းကမ်းတင်းကျပ်မှုတွေကြောင့် ကြီးကျယ်တဲ့ ပြဿနာတွေ ရှိလာခဲ့ပါတယ်။
ပွန်ပီယိုရဲ့ခရီးစဉ် မတိုင်ခင် အိန္ဒိယအစိုးရက အမေရိကန် ကုန်စည်တချို့အပေါ် အကောက်ခွန် တိုးမြှင့်ထားပါတယ်။
အမေရိကန် အစိုးရကလည်း သူ့ဈေးကွက်အတွင်း အိန္ဒိယ ကုန်စည်တချို့ အကောက်ခွန်မဲ့ ဝင်ရောက်ခွင့်ပြုထားတဲ့ နိုင်ငံအုပ်စု စာရင်းကနေ အိန္ဒိယကို ထုတ်ပယ်ထားပါတယ်။
No comments:
Post a Comment