

“ နေ့လည်တုန်းက တရုတ်နိုင်ငံသားတွေ ၁၈၀ ဦးကျော် ဖမ်းမိတာတော့ ဟုတ်တယ်။ ဒါပေမယ့် ခုချိန်ထိတော့ ရဲစခန်းကို မရောက်လာသေးဘူး။ လဝကအဖွဲ့ကနေ ဖမ်းဆီးခဲ့တာပါ။ ခုချိန်ထိ စခန်းကို ဘာလို့ မရောက်သေးတာလဲ ဆိုတော့ လူ ၁၈၀ ကျော်လောက်ကို ဘယ်ကနေ လာတာလဲဆိုတာ အသေးစိတ် စစ်ဆေးနေရလို့လေ။ အမှုတွဲ တည်ဆောက်နေရလို့ပါ။ ကျွန်တော်တို့ဆီကို ရောက်လာရင်တော့ အသေးစိတ်ကို တင်ပေးသွားမှာပါ”ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်နဲ့ ရန်အောင်မြေရပ်ကွက်ရှိ နေရာ သုံးခုကို မေ ၁၃ ရက် မနက် ၁၀ နာရီခွဲမှ နေ့လည် ၁ နာရီအချိန်ထိ ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တာချီလိတ်တပ်နယ် အပါအဝင် ဌာနဆိုင်ရာ အဖွဲ့စုံဖြင့် ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ လပ်ကီး မိုတယ်အား ဝင်ရောက် ရှာဖွေရာတွင် တရုတ်နိုင်ငံသား အမျိုးသား (၇၅) ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ၇၉ ဦးကို ဖုန်း အမျိုးအစားအစုံ ၁၆၄လုံး၊ စကားပြောစက် ငါးလုံး၊ ကွန်ပျူတာလက်(ပ်)တော့ ငါးလုံး၊ Alphard အနက်ရောင် မော်တော်ယာဉ် တစ်စီးကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။ ဒုတိယနေရာအဖြစ် ရန်အောင်မြေရပ်ကွက် အမှတ် (၂၃၇) နေအိမ်ကို ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသား အမျိုးသား ၃၈ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ၃၉ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ကိုးဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၀ ဦးကို ဖုန်းအမျိုးအစားစုံ ၁၈၄ လုံး၊ စကားပြောစက် လေးလုံး၊ ကွန်ပျူတာ လက်(ပ်) တော့ ၁၁ လုံး၊ Toyota Hilux Revo အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ Crown အနက်ရောင် မော်တော်ယာဉ် တစ်စီး၊ Parado အဖြူရောင် မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကာ၊ တတိယနေရာအဖြစ် ဝိန်းကျောက်ရပ်ကွက် အမှတ် (၂၂၉) နေအိမ်ကို ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသား အမျိုးသား ၆၅ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၇၀ ဦးကို M-22 သေနတ် သုံးလက်၊ ကျည်ဘောက် ၁၁ ခု၊ ゞင်းကျည် ၃၂၅ တောင့်၊ ဖုန်းအမျိုးအစားအစုံ ၂၀ဝ လုံး၊ စကားပြောစက် နှစ်လုံး၊ Jeep မြင်းချေးရောင် မော်တော်ယာဉ် တစ်စီး၊ Ford အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ Wave-125 မော်တော်ဆိုင်ကယ် သုံးစီး၊ အော်တိုဆိုင်ကယ် တစ်စီး၊ ကျည်ကာအင်္ကျီ သုံးထည်၊ ပြောက်ကျားအင်္ကျီ သုံးထည်၊ ပြောက်ကျားဘောင်းဘီ ခြောက်ထည်၊ WY ဆေးပြား (၂၅) ပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် ဝင်ရောက်နေထိုင်ကြသော တရုတ်နိုင်ငံသားများကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် တာချီလိတ်တပ်နယ်နှင့် ဌာနတာဝန်ရှိသူများက အဖွဲ့စုံဖြင့် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
No comments:
Post a Comment