ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ဖို့အတွက် မကွေးမြို့မှာ ပထမဦးဆုံး အနေနဲ့ အပူရှောင်စခန်း လေးခု ဖွင့်လှစ်ပေးထားပါတယ်။ မကွေးတိုင်းမှာ ရာသီဥတုက အရင်နှစ်တွေကထက်ပူပြင်းလာလို့ မကွေးတိုင်းဒေသကြီး ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ အစီမံနဲ့ အပူရှောင်စခန်း ၄ ခုဖွင့်ဖို့ဆုံးဖြတ်ခဲ့တာလို့ မကွေးမြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ကပြောပါတယ်။
သက်ကြီးဘိုးဘွားတွေ အပူဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာကို သက်သာအောင် အရိပ်အာဝါသကောင်းတဲ့ ဘုန်ကြီးကျောင်းတွေကို ရွေးချယ်ပြီး အပူရှောင်စခန်းတွေ ဖွင့်လှစ်ပေး တာလို့ မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးမြင့်စိုးက ပြောပါတယ်။
“အပူရှောင်စခန်းတခုကို ရန်ပုံငွေ ကျပ် ခုနှစ်သိန်းခွဲနှုန်းနဲ့ ဆောက်လုပ်ဖို့ ခွင့်ပြုထားပြီးဖြစ်တယ်။ အရိပ်ကောင်းပြီး ကျယ်ပြန့်တဲ့ ဘုန်းကြီးကျောင်းတွေကိုရွေးချယ်ထားပြီး အဆောက်ဦ ဆောက်ဖို့လိုအပ်တဲ့နေရာတွေမှာ ထန်းလက်မိုး ကွပ်ပျစ်ခင်း နှစ်နေရာပြုလုပ် ပေးထားပါတယ်။ အပူရှောင်စခန်းတွေအတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ အတွက် မိုဘိုင်းဆေးခန်းတွေ ဖွင့်လှစ်ပေးဖို့ ကျန်းမာရေးဌာနနဲ့ ညှိနှိုင်းထားပြီးဖြစ်တယ်။ အပူရှောင်စခန်းတခုကို လူဦးရေ ၁၅၀ လောက် နားခိုလို့ရပါတယ်။ မနက် ၉ နာရီကနေ ညနေ ၄ နာရီထိဖွင့်လှစ်ထားပြီး ဘိုးဘွားတွေကို နေလည်စာကျွေးမွေးပါတယ်။ သွားရေးလာရေး အဆင်မပြေသူတွေအတွက် အကြိုအပို့ လုပ်ပေးဖို စီစဉ်ထားရှိပါတယ်”လို့ ပြောပါတယ်။
မကွေးမြို့ကျောင်းထိုင်ဘုန်းကြီးကျောင်းတိုက်၊ သာသနဗိမ္ဗာန်ကျောင်းတိုက်၊ မဟာ ဓမ္မိကာရာမကျောင်းတိုက်၊ ရတနာသိဒ္ဓိကျောင်းတိုက်စတဲ့လေးနေရာမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။ လတ်တလော ကျောင်းထိုင်ဘုန်းကြီးကျောင်းတိုက် အပူရှောင်စခန်းမှာ ဒေသခံ ၇၅ ဦးလောက် လာရောက် အပူရှောင်နေကြပါတယ်။ အပူသက်သာစေရန်ရည်ရွယ်ပြီး ဝါးစိုတွေနဲ့ ကွပ်ပျစ်တွေထိုးပေးပြီး တပင်တိုင်သောက်ရေအိုးစင်တွေလည်း ပြုလုပ်ပေးထားတာပါ၊ နောက်ရက်တွေမှာ ကျန်းမာရေး ဌာနက သူနာပြု ဆရာမ ၂ ဦးထားရှိပေးဖို့ အစီအစဉ်ရှိပါတယ်။
မကွေးမြို့အောင်မေတ္တာရပ်ကွက်မှ အပူရှောင်သူ ဦးပန်းစိန်က “အိမ်မှာနေတာနဲ့စာရင် အဘိုးအဘွားတွေအတွက် ဒီစခန်းမှာ အေးအေးချမ်းချမ်းနေရပြီး အစားသောက်တွေလည်း စီစဉ်ပေးတော့ စိတ်ချမ်းသာပါတယ်။ ဒီလိုစခန်းတွေမရှိရင် အပူရှိန်ပြင်းပြီး အသက်ဆုံးရှုံးနိုင်တယ်လို့”ပြောပါတယ်။
မကွေးမြို့ ရန်ကင်းရပ်ကွက်မှ ဒေါ်ဆန်းယဉ်က “အိမ်မှာအပူရှိန်ပြင်းပြီး အပူရှောင်စခန်းမှာ အေးအေးချမ်းချမ်းနဲ့ နေမထိုးအောင် အရိပ်စတွေ ကာပေးထားတယ်။ ကွပ်ပျစ်တွေထိုးပေးပြီး၊ သောက်ရေအိုးတွေလည်း အေးအေးလေးသောက်ရအောင် စီစဉ်ပေးထားတဲ့အတွက် စီစဉ်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်လို့”ဆိုပါတယ်။
အလားတူ ပခုက္ကူမြို့ ပုထိုးတော်ကြီး ဘုန်းကြီးကျောင်းမှာလည်း အပူရှောင်တဲအလုံး ၂၀ တည်ဆောက်ပေးပါတယ်။
ချောက်မြို့မှာတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး အပူရှောင်စခန်းအခု ၂၀ ခန့်တည်ဆောက်ထားတယ်လို့ မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။
ယခုနှစ် နွေရာသီမှာ မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းဒေသကြီးဟာ ယခင်နှစ်တွေကထက် အပူချိန် စံချိန်တင်မြင့်မားနေတာပါ။
No comments:
Post a Comment