
ချင်းပြည်နယ်ရှိ ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများအတွက် နိုင်ငံတော်က ဘတ်ဂျက်ထပ်မံချထားပေးမည်ဖြစ်ကြောင်း သိရသည်။ြ မန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးတွင် တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်း၏ မြေထိန်းနံရံတစ်ခုနှင့် ပြေးလမ်းပေ ၃၀ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်းလုပ်ငန်းများ၏ ရာခိုင်နှုန်း ၅၀ ခန့် ပြီးစီးနေပြီဖြစ်သည်။
“ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် တည်ဆောက်ရေးလုပ်ငန်းတွေ အနေနဲ့ လက်ရှိအချိန်မှာမြေထိန်းနံရံတစ်ခု တည်ဆောက်ပြီးစီးသွားပါပြီ။ အခုဆက်ပြီးကျန်ရှိ နေတဲ့ မြေထိန်းနံရံတစ်ဖက်ကို စတင်တည်ဆောက်နေပါတယ်။ ၂၀၂၀ ခုနှစ်ကုန်ခါနီး လောက်မှာလေယာဉ်များ စတင်ဆင်းသက် အသုံးပြုနိုင်ဖို့ တည်ဆောက်နေပါတယ်။ လိုတဲ့ဘတ်ဂျက် ထပ်မံချထားပေးဖို့ ရှိပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောကြားသည်။
လက်ရှိတွင် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်း၏ မြေထိန်းနံရံတစ်ဖက်တည်ဆောက်ခြင်း၊ လေယာဉ်ပြေးလမ်း ပေ ၃၀ အထိတည်ဆောက်ခြင်း၊ ပေ ၄၀ဝ အထိ မြေဖျက်ခြင်းလုပ်ငန်း၊ တောင်ဖြိုခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်သည်။
ဖလမ်းလေဆိပ်သည် ချင်းပြည်နယ်အလယ်ပိုင်းတွင် တည်ရှိပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပိတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန် ရိဒ်ရေကန် စသည့် ချင်းပြည်နယ်ရှိမြို့များမှ ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်လေဆိပ်များသို့ လွယ်ကူစွာသွားလာနိုင်ရန် လေယာဉ်ကွင်းမရှိသည့် ချင်းပြည်နယ်တွင် ယခုတည်ဆောက်နေသည့် ဆူရ်ဘုန် (ဖလမ်း) လေဆိပ်သစ်တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းပြည်ပခရီးသွားများ ချင်းပြည်နယ်သို့ အချိန်တိုအတွင်း လာရောက်လည်ပတ်နိုင်ရန်ရည်ရွယ်၍ ၂၀၁၃ ခုနှစ်မှ စီမံကိန်းချမှတ်ပြီး ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်သည် ချင်းပြည်နယ် ဖလမ်းမြို့ ဆူရ်ဘုန်တောင်ကြော၊ ဖလမ်းမြို့၏ အနောက်မြောက် ၈ ဒသမ ၅ မိုင်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀ဝ၀ တွင်တည်ရှိပြီး လေယာဉ်ပြေးလမ်း အလျား ပေ ၆၀ဝ၀၊ အကျယ် ပေ ၁၀ဝ၊ Flexible Pavement ပြေးလမ်းအမျိုးအစားဖြစ်ပြီး ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျား ပေ ၂၀ဝ၊ အကျယ် ပေ ၁၀ဝ၊ လေယာဉ်ရပ်နားရာနေရာမှာ အလျား ပေ၂၅၀၊ အကျယ် ပေ ၂၅၀ ရှိပြီး ပြေးလမ်းခံနိုင်ရည်ပေါင် ၅၀ဝ၀ဝ ရှိကာ ATR 72 (MTOW – 49604) ပေါင်ဆင်းသက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment