ပါဆစ်ဂ်မြို့ ဆေးရုံက အရေးပေါ် ခန်းတွေထဲမှာ မူးဝေတာ၊ အလွန်အကျွံ ချွေးထွက်တာ၊ ပျို့အန်တာတွေ ခံစားရသူတွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒေသခံ ကြက်ခြေနီ အဖွဲ့က အစာအဆိပ်သင့်တဲ့ လက္ခဏာတွေနဲ့ ဆေးရုံကို လူပေါင်း ၁၃၇ ဦးထက်မနည်း ရောက်ရှိလာကြောင်း ပြောပါတယ်။
ကွယ်လွန်သူ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့ ဇနီးဖြစ်သူ အီမယ်လ်ဒါကတော့ အစာအဆိပ်သင့်သူတွေ စာရင်းမှာ မပါခဲ့ပါဘူး။ မိုးလုံလေလုံ အားကစားခန်းမ တစ်ခုကို ငှားရမ်းပြီး သူ့ရဲ့မွေးနေ့ ကျင်းပနေတုန်း အခုလို ဖြစ်ရပ်နဲ့ ကြုံခဲ့ရပါတယ်။
အခုလို လူတွေ ရာနဲ့ချီ အစာအဆိပ်သင့်ခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အစာအဆိပ်သင့်စေတာက အဒိုဘိုဆိုတဲ့ ရိုးရာ အစားအသောက် တစ်မျိုးကြောင့် ဖြစ်နိုင်တယ်လို့ ကနဦးအဆင့် ယူဆထားပါတယ်။
အစားအသောက်ထဲမှာ ညစ်ညမ်းတဲ့ အရာတွေ ရည်ရွယ်ချက်ရှိရှိ ထည့်သွားတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း၊ လတ်တလောမှာတော့ ဖြစ်စဉ်ကို စုံစမ်းနေပြီး ထိခိုက်နစ်နာခဲ့သူ အားလုံးကို တောင်းပန်ကြောင်း သူ့ရဲ့ သမီး လွှတ်တော်အမတ် အင်မီမားကို့စ်က Facebookမှာ ရေးသားထားပါတယ်။
အီမယ်လ်ဒါဟာ ခင်ပွန်းသည်ရဲ့ လုပ်ပိုင်ခွင့်တွေကို ကိုယ်ကျိုးအတွက် အပြည့်အဝ အသုံးချခဲ့သူအဖြစ် ဖိလစ်ပိုင်မှာ လူမုန်းများခဲ့ပါတယ်။ သူဟာ လက်ဝတ်ရတနာတွေ၊ အဖိုးတန် ဖိနပ်တွေ၊ အနုပညာလက်ရာတွေကို တန်ဖိုးကြီးကြီးနဲ့ ဝယ်ယူ စုဆောင်းသူအဖြစ် နာမည်ကြီးပါတယ်။ လက်ရှိ အချိန်ထိ မားကို့စ် မိသားစုဟာ ဖိလစ်ပိုင် နိုင်ငံရေး နယ်ပယ်မှာ ဩဇာ ပျံ့နှံ့နေဆဲပါ။
အီမယ်လ်ဒါဟာ အဂတိ လိုက်စားမှု၊ ဒေါ်လာ သန်း ၂၀၀ လောက် ငွေကြေးတွေကို တရားမဝင် လွှဲပြောင်းမှုတွေအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါတယ်။ လတ်တလောမှာ အာမခံနဲ့ လွတ်မြောက်နေတဲ့ အီမယ်လ်ဒါက ပြစ်ဒဏ်ကို အယူခံ ဝင်ထားပြီး သူဟာ ဘာအမှားမှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။
No comments:
Post a Comment