
ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦးဖြစ်သည့် ဝီဂျာယန်တိုသည် ၂၀ဝ၀ ပြည့်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ဂျီဟတ်စစ် စခန်းတစ်ခု၌ စစ်ဘက်ဆိုင်ရာလေ့ကျင့်မှုကို သင်ယူခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံတွင်းရှိ သက်တမ်းအကြာဆုံး အကြမ်းဖက်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သော Jemaah Islamiah (JI) အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဝီဂျာယန်တိုသည် ၂၀၁၃ ခုနှစ်ကတည်းက JI ၏ စစ်သွေးကြွအဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် လူသစ်စုဆောင်းခြင်းတို့ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ဝီဂျာယန်တိုသည် တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် JI အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံသား အဖွဲ့ခြောက်ဖွဲ့ထက်မနည်းကို ဆီးရီးယားသို့ စေလွှတ်ခဲ့ခြင်းနှင့် ဆူလာဝေစီကျွန်းပေါ်ရှိ အကြမ်းဖက်မှုအများအပြား ဖြစ်ပွားရာပေါ် ဆိုဆိပ်ကမ်းသို့ စစ်သွေးကြွများအတွက် အကူအညီများ ထောက်ပံ့ခဲ့မှုတွင် သံသယရှိခံထားရသည်။
အယ်ကေးဒါးနှင့်ဆက်နွှယ်သော JI စစ်သွေးကြွအဖွဲ့ကို ပြည်နှင်ဒဏ်ခံထားရသည့် အင်ဒိုနီးရှားအကြမ်းဖက်သမားအချို့က ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း မလေးရှားနိုင်ငံတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် အရှေ့တောင်အာရှတစ်ဝန်းရှိ အကြမ်းဖက်အဖွဲ့ ကလာပ်စည်းများတွင် ပါဝင်လာသည့်အထိ အင်အားကြီးထွားလာခဲ့သော အဖွဲ့ဖြစ်သည်။
မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုတစ်သီတစ်တန်း၏ နောက်ကွယ်တွင် JI အဖွဲ့ပါဝင်ပတ်သက်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံအတွင်း အဆိုးရွားဆုံးအကြမ်းဖက် တိုက်ခိုက်မှုဖြစ်သော ၂၀ဝ၂ ခုနှစ် ဘာလီဗုံးခွဲတိုက်ခိုက်မှုများမှာ IS အဖွဲ့၏ လက်ချက်ဖြစ်ပြီး ထိုဗုံးခွဲတိုက်ခိုက်မှုများအတွင်း နိုင်ငံပေါင်း ၂၁ နိုင်ငံမှ နိုင်ငံသားများနှင့် အင်ဒိုနီးရှားနိုင်ငံသား ၃၈ ဦး သေဆုံးခဲ့သည်။
JI အကြမ်းဖက်အဖွဲ့သည် ၂၀ဝ၃ ခုနှစ်တွင် လူ ၁၂ ဦးသေဆုံးခဲ့ရသည့် ဂျကာတာမြို့ JW Marriott ဟိုတယ်၌ ကားဗုံးဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့ပြီး ၂၀ဝ၄ ခုနှစ်တွင်လည်း ဂျကာတာရှိ သြစတြေးလျသံရုံးအပြင်ဘက်တွင် အသေခံကားဗုံးဖောက်ခွဲမှုတစ်ခုကို လုပ်ဆောင်ခဲ့ပြန်ရာ ထိုဗုံးဖောက်ခွဲမှုအတွင်း လူ ၁၀ ဦး သေဆုံးခဲ့သည်။
၂၀ဝ၀ ပြည့်နှစ်နှောင်းပိုင်းတွင် အင်ဒိုနီးရှားအာဏာပိုင်များ လုပ်ဆောင်သည့် အကြမ်းဖက်နှိမ်နင်းမှုတစ်ခုအတွင်း JI အဖွဲ့ဝင်အများအပြားကို ရှင်းလင်းချေမှုန်းနိုင်ခဲ့ကြောင်း ပဋိပက္ခများအား မူဝါဒသုံးသပ်လေ့လာမှုဆိုင်ရာ အဖွဲ့အစည်း (IPAC) က ထုတ်ပြန်ထားသည်။
မကြာသေးမီနှစ်များအတွင်း အင်ဒိုနီးရှားရှိ အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့သည် IS အဖွဲ့ကို သစ္စာခံထားသော Jemaah Ansharut Daulah (JAD) စစ်သွေးကြွအဖွဲ့ကို အဓိကအာရုံစိုက်၍ နှိမ်နင်းမှုလုပ်ဆောင်ခဲ့သည်။
No comments:
Post a Comment