
တူရကီနိုင်ငံတောင်ပိုင်း ဆီးရီးယားနယ်စပ်အနီးမှာ ဇူလိုင် ၅ ရက်က ကားဗုံးပေါက်ကွဲကြောင့် ဆီးရီးယားနိုင်ငံသား ၃ ယောက် သေဆုံးတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရေဟာနယ်မြို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူတယောက်လည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ကနဦးတွေ့ရှိချက်တွေအရ ဒီကားဗုံးခွဲမှုဟာ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တယ်လို့ တူရကီ သမ္မတ အာဒိုဂန်က ပြောကြားကြောင်း ဟာရီရက်ဒေးလီးနယူးစ်မှာ ဖော်ပြပါတယ်။ တာဝန်ရှိသူတွေက ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းကို စုံစမ်းနေပြီး မော်တော်ကားအတွင်းကနေ ပေါက်ကွဲတာလို့ အာဒိုဂန်က ဆိုပါတယ်။ ရေဟာနယ်မြို့မှာ ဆီးရီးယားဒုက္ခသည် ထောင်ချီပြီး နေထိုင်ပါတယ်။ ၂၀၁၃ ခုနှစ်က အဲဒီမြို့မှာ ဗုံးကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီးနောက် တူရကီဟာ မိုင်ပေါင်း ၅၆၀ ရှည်လျားတဲ့ ဆီးရီးယားနယ်စပ် တလျောက်မှာ လုံခြုံရေးတင်းကြပ်ခဲ့ပါတယ်။
No comments:
Post a Comment