Monday, May 13, 2019

မဘိမ်းမြို့နယ်ရှိ ၀ါးရုံတောတစ်ခုအတွင်းမှ ငွေကျပ်သိန်းရှစ်ထောင်နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မဘိမ်းမြို့နယ်အတွင်းရှိ ၀ါးရုံတောတစ်ခုအတွင်းမှ ငွေကျပ် ၇၉၂၁.၄ သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့က သိမ်းဆည်းရမိခဲ့သည်။ မေလ ၁၁ ရက်နေ့ ညနေ ၆နာရီခွဲအချိန်ခန့်က မဘိမ်းမြို့နယ်၊ ငါးအိုးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မဘိမ်းမြို့နယ်၊ ဥယျာဉ်ပုကျေးရွာအနီး၊ ငါးအိုး-မဘိမ်း ကားလမ်း၊ ပိန်းလျှိုထိပ်(ဒေသအခေါ် ဒေါ်ဆောင်ရှို)ဝါးရုံတောအတွင်း မသင်္ကာဖွယ်ပီနံအိတ်ထုပ်များ တွေ့ရှိကြောင်း သတင်းအရ မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။


ထိုသို့ စစ်ဆေးခဲ့ရာ ဝါးရုံတောအတွင်းရှိ ပီနံအိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက်များ ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၇.၀၆ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၂၄၁.၄ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆၈၀ သိန်း)နှင့် မြန်မာငွေ ၂၀၃ သိန်း တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရသည်။

No comments:

Post a Comment