Monday, May 13, 2019

ဦးအေးသာအောင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည်ဝင်ရောက်ခြင်း ရှိ မရှိမှာ ကာယကံရှင်အပေါ်သာ မူတည်ပြီး ပါတီအနေဖြင့် ၎င်းအနေအထားကို စောင့်ကြည့်နေဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပြောကြား

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သို့ ပါတီခေါင်းဆောင်ဟောင်း (လက်ရှိ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ) ဦးအေးသာအောင် ပြန်လည်ဝင်ရောက်နိုင်ခြေ ရှိ၊ မရှိမှာ ကာယကံရှင်အပေါ်တွင်သာ မူတည်ပြီး ပါတီအနေဖြင့် ၎င်းအနေအထားကို စောင့်ကြည့်လျက်ရှိကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။



“လက်ရှိ သူက ရခိုင်အမျိုးသားပါတီ ANP ထဲမှာ ရှိနေတယ်။ ကျွန်တော်တို့က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဖြစ်သွားတယ်။ အဲဒီတော့ သူ့အခန်းကဏ္ဍနဲ့ ANP ရဲ့ အခန်းကဏ္ဍကတော့ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတဲ့ ဟာမျိုးကတော့ အန်ကယ်တို့လည်း စောင့်ကြည့်ရုံကလွဲလို့ ဘာလုပ်လို့ရမလဲ။ လက်ရှိအနေအထားကတော့ စောင့်ကြည့်နေတဲ့ အနေအာထားလို့ပဲ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဦးအေးသာအောင်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ဖြစ်လာချိန်တွင် ရခိုင်အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၆ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရကာ လက်ရှိတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လျက်ရှိသည်။

“ဦးအေးသာအောင်က နဂိုကတည်းက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပေါ့နော်။ နှစ်ပေါင်းများစွာလည်း ၈၈ အရေးအခင်းကတည်းက နှစ်ပေါင်း ၃၀ လောက် အတူတူလက်တွဲခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၁၇ ပြန်လည်မှတ်ပုံတင်လာတဲ့အချိန်ခါတော့ သူမပါတော့ဘူးလေ။ သူက ဟိုဘက်မှာ ၂၀၁၅ ကတည်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးတော့ အမျိုးသားလွှတ်တော်ရောက်သွားတာကိုး။ အဲဒီအနေ အထားလောက်ပဲ ကျွန်တော်တို့ ပြောလို့ရမယ်” ဟု ဦးမျိုးကျော်က ပြောကြားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့သည် ၂၀၁၄ ခုနှစ်တွင် ပူးပေါင်းခဲ့ပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် ပါတီတွင်းခေါင်းဆောင်ပိုင်း နေရာခွဲဝေမှုနှင့် ပါတီမူဝါဒပိုင်းဆိုင်ရာတို့တွင် ညှိနှိုင်းမရတော့သည့် အခြေအနေများကြောင့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က မူလအမည်ဖြင့် ပါတီတစ်ရပ် ပြန်လည်ထူထောင်ခဲ့သည်။

ထိုသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အဖြစ် ပြန်လည်ရပ်တည်စဉ် ရခိုင်အမျိုးသားပါတီတွင်း ကျန်ရှိခဲ့သည့် ပါတီဝင်ဟောင်းများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေအပါအဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အချို့က ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည်ဝင်ရောက်ခြင်းများ ရှိခဲ့သည်။

No comments:

Post a Comment