Monday, May 13, 2019

ထောင်ထဲတွင် ဝှိုက်ဘုတ်နှင့်လက်ကိုင်ဖုန်းများကိုင်ဆောင်ခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ကျော်ဇောသတင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော

အကျဉ်းထောင်ထဲတွင် ဝှိုက်ဘုတ်နှင့်လက်ကိုင်ဖုန်းများကိုင်ဆောင်ခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ကျော်ဇောသတင်းဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် နီနီမေမြင့်ကပြောသည်။ "အကျဉ်းဦးစီးဌာနရဲ့ လက်ရှိသုံးစွဲနေသော အကျဉ်းထောင်ဥပဒေ၊အကျဉ်းထောင်လက်စွဲများအရ အကျဉ်းသား၊အချုပ်သားတွေ သွင်းဖို့ခက်ခဲတဲ့ ထောင်ဝင်စာမှတစ်ဆင့် သွင်းရန်ကန့်သက်ထားတဲ့ လက်ကိုင်ဖုန်း၊ ဘော့စ်ပင်၊ ဆော့စ်ပင်၊ ဝှိုက်ဘုတ်၊ မိုက်ကရိုဖုန်းတို့ကိုကိုင်ဆောင်သုံးစွဲနေတာဟာမြန်မာနိုင်ငံတစ်နိုင်ငံလုံးသာမက ကမ္ဘာ့မီဒီယာအထိပြန့်နှံ့သွားခဲ့ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရကြည့်မယ်ဆိုရင် ဒါဟာကျော်ဇောသတင်းပဲဖြစ်ပါတယ်" ဟု ဒေါ်နီနီမေမြင့်ကပြောသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာအရဝန်ကြီးဌာနများကိုတိုင်ကြားစာများတွင် ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားသည့်စာမှာ ၂၄၉စောင်ဖြင့်အများဆုံးဖြစ်နေကြောင်းဒေါ်နီနီမေမြင့်ကပြောသည်။

ယနေ့နံနက်တွင် နေပြည်တော်ရှိပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည်လုပ်ငန်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ တောင်ကုတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်ကဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့်ပတ်သက်၍ ကလေးအကျဉ်းထောင်၊ ရွှေဘိုအကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊ထားဝယ်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်နှင့် ပုသိမ်အကျဉ်းထောင်တို့တွင် ဆူပူမှုများဖြစ်ပွားခဲ့သည်။

ထို့ပြင်အကျဉ်းထောင်များအတွင်းဆူပူမှုများကိုလူမှုကွန်ယက်ပေါ်တွင်လက်ကိုင်ဖုန်းဖြင့်တိုက်ရိုက်လွှင့်တင်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

"အကျဉ်းသားအကျဉ်းထောင်ထဲတရားဝင်ကိုင်ဆောင်ရန်ကန့်သက်ထားသော တရားဝင်ကိုင်ဆောင်ဖို့ကန့်သက်ထားသော ပစ္စည်းများကိုကိုင်ဆောင်နေခြင်းဟာအကျဉ်းထောင်ရဲ့အုပ်ချုပ်စီမံမှုအပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးရှု့ထောင့်မှ ကြည့်ရင်လည်းသံသယဖြစ်ဖွယ်တွေ့ရှိရပါတယ်။ ဒါကိုလည်းမည်ကဲ့သို့ စုံစမ်းဖော်ထုတ်အရေးယူမယ်ဆိုတာကိုသိလိုပါတယ်" ဟု ဒေါ်နီနီမေမြင့်ကပြောသည်။

အဂတိလိုက်စားမှုသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ အစိုးရများအားလုံးရင်ဆိုင်နေရသည့်ကိစ္စရပ်ဖြစ်ပြီးအဂတိလုံးဝကင်းစင်သည့် နိုင်ငံဟူ၍မရှိဘဲ အနည်းနှင့်အများရှိကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဒုတိယဗိုလ်မှူးကြီးမြင့်ဆွေကလည်းအထက်ပါအစီရင်ခံစာအပေါ်ဆွေးနွေး ပြောကြားသည်။

အဂတိလိုက်စားမှုနှင့်ပတ်သက်၍တိကျပြတ်သားစွာအရေးယူရန်လိုအပ်သကဲ့သို့အဂတိလိုက်စားမှုဖြစ်ပွားရခြင်းအကြောင်းကိုလည်းရှာဖွေဖော်ထုတ်ပြီးပြင်ဆင်ဖြည့်ဆည်းသင့်သည်များကိုလည်းပြင်ဆင်ဖြည့်ဆည်းရမည်ဟုဒုတိယဗိုလ်မှူးကြီးမြင့်ဆွေကပြောသည်။

အထက်ပါ အကျဉ်းထောင်များဆူပူမှုနှင့် စပ်လျှဉ်း၍ ချိတ်ဆက်မှုနှင့်သွေးထိုးလှုံဆော်မှုများရှိနေသည်ဟုသတင်းထုတ်ပြန်ထားသည်။ နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းသက်သာခွင့်များကို ဧပြီလ ၁၇ရက်နေ့တွင် အကျဉ်းသူ၊အကျဉ်းသား ၉၅၃၅ဦး၊ ဧပြီလ ၂၆ရက်နေ့တွင် အကျဉ်းသူ၊ အကျဉ်းသား ၆၉၄၈ဦးနှင့် မေလ ၇ရက်နေ့တွင် အကျဉ်းသူအကျဉ်းသား ၆၅၂၀ဦးတို့ကို သုံးကြိမ်တိုင်တိုင်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment