Monday, May 13, 2019

တရုတ်လုပ်ငန်းရှင်က တစ်သျှူးငှက်ပျောစိုက်ပျိုးခ မပေးဘဲ နှင်ထုတ်သည်ဆိုကာ အလုပ်သမားများတိုင်ကြား

အခကြေးငွေသတ်မှတ် ၍ စိုက်ပျိုးသော တစ်သျှူးငှက် ပျောစိုက်ပျိုးခကို တရုတ်လုပ်ငန်း ရှင်က မပေးဘဲ နှင်ထုတ်သည်ဆို ကာ ကြားဝင်ဖြေရှင်းပေးရန် အ လုပ်သမားသုံးဦးက ဌာနဆိုင်ရာ တာဝန်ရှိသူများထံ မေလ ၈ ရက် တွင် တိုင်ကြားခဲ့သည်။  ၀ိုင်းမော်မြို့နယ် တာလော ကြီးရွာတွင် တစ်သျှူးငှက်ပျော ပင်  ရှစ်ထောင်စိုက်ပျိုးပေးရန် ဟော့ရှမ်းကုမ္ပဏီနှင့် စာချုပ်ချုပ် ကာ ၂၀၁၈ ဇူလိုင်တွင် စတင်စိုက်ပျိုးခဲ့သည်ဟု တိုင်ကြားသည့် အ လုပ်သမားများက ပြောသည်။ စိုက်ပျိုးချိန်ကစ၍ အသီးသီးပြီး တရုတ်နိုင်ငံသို့ပို့မည့်ကားပေါ် တင်ပေးသည့်အဆင့်ထိ  လုပ်ပေးရန် စာချုပ်ချုပ်သော်လည်း ယခုကာလငှက်ပျောထွက်ချိန်တွင် အသီးများပုံမှန်ထက်ကြီးပြီး ပျက်စီးနေသည်ဟု အ ကြောင်းပြကာ မောင်းထုတ်ခံရသည်ဟု  အလုပ်သမားခေါင်း ဆောင် ဦးအေးမင်းထွန်းက ပြော သည်။

‘‘ငှက်ပျောက နှစ်ထောင်ကျော်ကျော်ပဲ ခုတ်ရသေးတယ်။ အပယ်အရမ်းများလို့ နည်းနည်းပါးပါး လျော်ကြေးပေးပါဆိုတာကို မပေးနိုင်ဘူး။ ကြိုက်တဲ့ နေရာသွားတိုင်၊  ဒီတိုင်းထွက်သွားဆိုပြီး မောင်းထုတ်တယ်’’ဟု ငှက်ပျောစိုက်အလုပ်သမား ဒေါ်လဲ့လဲ့က ပြောသည်။ 7Day Daily က အလုပ်သမားများထံမှ ကြည့်ခွင့်ရသည့် စာချုပ်တွင်  ၂၀၁၈ ဇူလိုင်က ချုပ်ဆိုထားသည်။  ခြံရှင်သည် တရုတ်နိုင်ငံသားဖြစ်ကြောင်း အတိအလင်းရေးထားပြီး တရုတ်ဘာသာဖြင့် လက်မှတ်ထိုးထားသည်။ အလုပ်သမားခေါင်းဆောင် သုံးဦးဦးဆောင်ကာ ငှက်ပျောခြံမှ ထွက်ခွာခဲ့ရသည့် အလုပ်သမား ၁၀ ဦးခန့်ရှိပြီး ၀ိုင်းမော်မြို့ရှိ ဆန်စက်အဟောင်းတစ်လုံးတွင် ယာယီနေထိုင်ကာ ညှိနှိုင်းဖျန်ဖြေရေးရုံး၏ အဖြေကိုစောင့်ဆိုင်းနေသည်။

‘‘ညှိနှိုင်းရုံးကတော့ အထက်ကို တင်ပြပေးမယ်၊ ဖုန်းပြန်ခေါ်မယ်ဆိုပြီး ကျွန်တော်တို့ ဖုန်းနံပါတ်တွေ ယူထားတယ်။ အဖြေကို ကျွန်တော်တို့ စောင့်နေတာ’’ ဟု ဦးအေးမင်းထွန်းက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဌာနဆိုင်ရာများ ပါဝင်သည့် ညှိနှိုင်းဖျန်ဖြေရေးရုံးသို့ ဆက်သွယ် ရန်ကြိုးစားသော်လည်း  မရပေ။

အလုပ်သမားများသည် ငှက်ပျောရာသီသိမ်းချိန်တွင် ၎င်းတို့၏ လုပ်ခလစာရယူလိုပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြေလည်အောင် ဖြေရှင်းမပေးနိုင်ပါက  မလိုလားအပ်သော  ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်သည်ဟု ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးဉာဏ်ထွန်း က ပြောသည်။ ‘‘တစ်သျှူးငှက်ပျော စိုက်ခင်း တွေက တရားဝင်မဟုတ်ဘူးလို့ ပြည်နယ်အစိုးရ ကိုယ်တိုင်က ပြောထားတော့ အလုပ်သမားတွေအ တွက် အခွင့်အရေးရဖို့ တော်တော်ခက်တယ်။ မတရားဘူး ထင်တာကို အကြမ်းနည်းနဲ့ ဖြေရှင်းရင် ခက်ကုန်မယ်’’ဟု ဦးဉာဏ်ထွန်းက ပြောသည်။

No comments:

Post a Comment