Monday, May 13, 2019

ဒေါပုံမြို့နယ် သင်္ဘောကျင်းမှတ်တိုင်တွင် လူကူးခုံးကျော်တံတား စတင်တည်ဆောက်

Image may contain: sky and outdoorခရီးသွားလုပ်သားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် သင်္ဘောကျင်းမှတ်တိုင်တွင် လူကူးခုံးကျော်တံတားတစ်စင်း စတင်တည်ဆောက်နေပြီဖြစ်သည်။ ''ဒေါပုံမြို့နယ်မှာ အခုလုပ်နေတဲ့ သင်္ဘောကျင်း လူကူးခုံးကျော်တံတားက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ခွင့်ပြုငွေ ကျပ်သိန်းပေါင်းတစ်သောင်းနဲ့စတင်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ယမုံနာလမ်းမကြီးရော မင်းနန္ဒာလမ်းမကြီးပါ ဖြတ်ပြီး တည်ဆောက် ဖို့အစီအစဉ်ရှိပါတယ်။
ယမုံနာလမ်းမကြီးဘက်မှာတော့အခက်အခဲမရှိပါဘူး။ မင်းနန္ဒာလမ်းမကြီးဘက်ကျတော့မဟာဓာတ်အားလိုင်း ကေဘယ်ကြိုးနဲ့ မလွတ်တဲ့အတွက်အဲဒီဘက်လုပ်မယ့်အစီအစဉ်ကို ဖျက်လိုက်ပြီးတော့ယမုံနာလမ်းမကြီးကို အဓိကထားလုပ်ရခြင်း ဖြစ်ပါတယ်''ဟု တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က စံတော်ချိန်ကို ပြောကြားခဲ့သည်။

ယင်းသို့ ယမုံနာလမ်းမကြီးကို ဖြတ်ကျော်တည်ဆောက်မည့် သင်္ဘောကျင်းမှတ်တိုင် လူကူးခုံးကျော်တံတားသည်အရှည် ၉၁ ပေ×အမြင့်ပေ ၂၀ ရှိပြီးခရီးသွားပြည်သူများ ရာသီဥတုဒဏ်ခံနိုင်ရန်အတွက်အမိုးအပြင် အောက်ဘက်မှလူများ မြင်သာနိုင်အောင်မှန်ဖြင့် ကာရံတပ်ဆင်မည်ဖြစ်သည်။ ရန်ကုန်မြို့ထဲမှအလာ သင်္ဘောကျင်းမှတ်တိုင် (မြေစာရင်းရုံး၊ လ၀ကရုံးအနီး)တွင် အတက်စက်လှေကားတစ်စင်းနှင့် အဆင်းအတွက် ရိုးရိုးလှေကားတို့ပါရှိမည်ဖြစ်ကာ သာကေတ၊သုံးခွဘက်မှအလာ သင်္ဘောကျင်းမှတ်တိုင် (ကြက်လျှာ စွန်းဘက်အခြမ်း)တွင် စက်လှေကားနှစ်စင်းနှင့် ရိုးရိုးလှေကားတို့ ပါရှိမည်ဖြစ်ပြီး မင်းနန္ဒာလမ်းမကြီးဘက်ခြမ်းရှိသင်္ဘောကျင်းမှတ်တိုင်သို့ သွားလိုလျှင် လူကူးမျဉ်းကျားမှတစ်ဆင့် သွားရမည်ဖြစ်ကြောင်း သိရသည်။

''အခုစလုပ်နေပါပြီ၊ ညဘက်မှာ အလုပ်လုပ်တယ်ဆိုတာကလည်း ယာဉ်အန္တရာယ် ကင်းရှင်းအောင်ပါ။ဒါ့အပြင် မဟာဗန္ဓုလတံတားအဆင်း မီးပွိုင့်ထိပ်ကနေဒေါပုံစာတိုက်အနီးအထိ ကားလမ်းကို လူတွေမကျော်နိုင်အောင် အမြင့် ငါးပေလောက်ရှိတဲ့ သံပန်း၊ သံဆန်ခါတွေလည်း တပ်ဆင်ဖို့ အစီအစဉ်ရှိပါတယ်'' ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဒေါပုံမြို့နယ် ယမုံနာလမ်းမကြီးကို ဖြတ်ကျော်တည်ဆောက်မည့် သင်္ဘောကျင်းမှတ်တိုင်ရှိ လူကူးခုံးကျော်တံတားတည်ဆောက်ခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်း/တံတားဝန်ဆောင်မှုလုပ်ငန်းအဖွဲ့က တာဝန်ယူဆောင်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment