Monday, May 13, 2019

အကျဉ်းထောင်ဆူပူမှုနှင့် ပြည်သူ့အသံ

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များကို အကြောင်းပြုပြီး ယခုရက်ပိုင်းအတွင်း အကျဉ်းထောင်ခုနစ်ခုတွင် ဆူပူမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ အကျဉ်းထောင်ဆူပူမှုများနှင့် ပတ်သက်ပြီး နောက်ကွယ်တွင် သွေးထိုးလှုံ့ဆော်မှုများရှိနေသည်ဟု သမ္မတရုံးက သုံးသပ်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးမည်ဟု သတင်းထုတ်ပြန်ထားသည်။ ထိုကဲ့သို့ ဆူပူဆန္ဒပြမှုများသည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသဖြင့် သက်ဆိုင်ရာက ကိုင်တွယ်ဖြေရှင်းသင့်ပုံများနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ပြည်သူများ၏အသံကို စုစည်းဖော်ပြလိုက်ပါသည်။


ဦးမြင့်လွင် (တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့ကိစ္စတွေက အခုမှပေးတာတော့ မဟုတ်ဘူး။ အရင်ကလည်း ပေးခဲ့တာရှိတာပဲ။ အရင်တုန်းက အဲဒီလို ဆန္ဒပြအော်ဟစ်တာမရှိဘူး။ ဦးသိန်းစိန်လက်ထက်မှာတောင် မရှိဘူး။ သမ္မတကြီးဦးဝင်းမြင့်လက်ထက်မှာပေးလိုက်တော့မှပဲ ဟိုထောင်ကထ ပြီး ဆန္ဒထုတ်ဖော်၊ ဒီထောင်က ဆန္ဒထုတ်ဖော်ဆိုတော့ ဒီမိုကရေစီကျင့် သုံးတာနည်းနည်းများ လွဲနေသလားပေါ့ ခံစားရတယ်။ လွတ်တာကတော့ အလွတ်သင့်ဆုံးလူတွေကို စိစစ်ရွေးချယ်ရတာပဲ။ နိုင်ငံတော်သမ္မတက လည်း အကုန်လုံးတော့ဘယ်ထောင်မှာ ဘယ်သူကလွတ်သင့်တယ်ဆိုတာ မသိနိုင်ဘူး။ ထောင်တွေက အ များကြီးပဲ။ အဲဒီအခါကျတော့ ခြုံငုံပြီးတော့ အကျဉ်းဦးစီးဌာနက ရွေးပေးတဲ့လူတွေကိုပဲ လွှတ်ပေးရတာပေါ့။ သမ္မတကြီးအနေနဲ့ကတော့ ၀လုံးတို့၊ ကျော်စိုးဦးတို့လို စသဖြင့် ထင်ရှားတဲ့လူတွေကိုပဲ သိနိုင်တာပေါ့။ အဲဒီ တော့ ကျန်ခဲ့တဲ့လူတွေလည်း ကျန်ခဲ့နိုင်တာပေါ့။ ဒီလိုဆန္ဒပြတယ်ဆိုတော့ အကျဉ်းထောင်ထဲမှာရောက်နေ တဲ့သူတွေလည်း ကိုယ်ဘယ်လိုကြောင့် လွှတ်တဲ့အထဲမှာပါသင့်တယ်ဆိုတာ အခုလိုနည်းနဲ့မဟုတ်ဘဲ တစ်ဦး ချင်းပဲဖြစ်ဖြစ်ပေါ့။ ဘာကြောင့် လွတ်သင့်တယ်။ လွတ်သွားတဲ့လူတွေနဲ့ နှိုင်းယှဉ်ပြီးတော့ တင်ပြသင့်တာပေါ့။ အဲဒီလိုတင်ပြနိုင်ဖို့အတွက် လမ်းကြောင်းတစ်ခုကိုလည်း သက်ဆိုင်ရာကစီစဉ်ပေးဖို့ လိုတယ်။

ဒေါက်တာမောင်သင်း (မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
ဆူရတဲ့အကြောင်းရင်းကတော့ လွတ်တဲ့သူတွေလိုပဲ တန်းတူအခွင့် အရေးရစေချင်တာပေါ့။ ဥပမာ ရွှေဘိုထောင်မှာ မိုးအောင်ရင်လို လွှတ် ပေးစေချင်တယ်။ ဆိုလိုတာက တန်းတူအခွင့်အရေး၊သူတို့ချည်းပဲ လွတ် သွားပြီးတော့ ကျန်တဲ့သူတွေ အဲဒီလိုအခွင့်အရေးမရဘူး။ ဥပမာ ၁၇ နှစ်ကျတာချင်းအတူတူ သူကတော့ ကွင်းလုံးကျွတ်လွတ်တယ်။ ကျန်တဲ့ သူတွေက လျှော့ရက်တို့၊ ဘာတို့တောင်မရဘူး။ ရတဲ့အခွင့်အရေးဟာ တန်းတူအခွင့်အရေးရစေချင်လို့ ပြောကြဆိုကြတယ်။ အကျဉ်းဦးစီးဌာနအနေနဲ့ကတော့ နဂိုက ဒီဥစ္စာတွေ ဘယ်သူမှသုံးခွင့်မရှိဘူးပေါ့။ သူတို့တွေရဲ့ (အကျဉ်းဦးစီး)ရဲ့ အားနည်းချက်လို့မြင်မိပါတယ်။ လွှတ်တဲ့အခါမှာ လည်း စည်းနဲ့ကမ်းနဲ့ လွှတ်ရတယ်လေ။ ခြေဥမှာက တိတိကျကျဆိုထားတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင် တယ်။ ဘာနဲ့ပေးရမလဲဆိုရင် ကာလုံရဲ့သဘောတူညီချက်၊ ထောက်ခံချက်နဲ့ဆိုတာ ခြေဥမှာ အတိအလင်း ဆိုထားတယ်လေ။

ဦးတင်ထွေး (ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ပြည်ထဲရေးဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ကို နိုင်ငံတော်သမ္မတကနေပြီးတော့ သတ်မှတ်ချက်တွေနဲ့ ဒါတွေလွှတ် သင့်တယ်၊ ဒါတွေမလွှတ်သင့်ဘူးဆိုတာ ပေးလိုက်ပြီးသား။ ပေးတဲ့အ ပေါ်မှာ ၀န်ထမ်းတွေရဲ့ ချွတ်ယွင်းချက်ကြောင့် မမျှမတဘူးဆိုတာပေါ်လာ တယ်လို့ပဲ ထင်တယ်။ ဒီကိစ္စကိုတော့ လက်ရှိဌာနတွင်းလည်း ရှင်းရ မယ်။ လောလောဆယ်တော့ အကြီးအကဲတွေကိုယ်တိုင်သွားပြီးတော့ ရှင်းသင့်တဲ့နေရာတွေကို ရှင်းဖို့လိုပါတယ်။ အမှန်ကတော့ ပြည်ထဲရေး ၀န်ကြီးဌာနအောက်မှာရှိတဲ့ အကျဉ်းဦးစီးဌာန၀န်ထမ်းတွေရဲ့ လုပ်ဆောင်ချက်ချွတ်ယွင်းချက်ရှိလို့ ဒီပြဿနာ တွေပေါ်လာတာပဲ။ ဒါက  ရာဇ၀တ်အကျဉ်းသားချင်းအတူတူမှာ ဘက်လိုက်မှုရှိတယ်၊ မမျှတမှုရှိတယ်ဆိုပြီး ဒီပြဿနာပေါ်လာတာပဲ။

ဒေါ်သန္တာ (အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
အခုဖြစ်စဉ်က လွတ်ငြိမ်းအပေါ်မှာ ဖြစ်ကြတဲ့ပြဿနာရိုးရိုးလေး မဟုတ်ဘူး။ ဒီထက်ဆန်းကြယ်တာတွေရှိမယ်လို့ သုံးသပ်ပါတယ်။ ကျွန် မလည်း နိုင်ငံရေးအကျဉ်းသူဘ၀နဲ့ ထောင်ထဲနှစ်ရှည်နေခဲ့ဖူးသူပဲ။ ယခင် ခေတ်များစွာ ပုဒ်မ ၄၀၁ နဲ့လွှတ်ခဲ့ကြတုန်းက ဘာမှမဖြစ်ခဲ့ဘူး။ ထောင် မှာ အကျဉ်းထောင်လက်စွဲအရလည်း လူစုလို့မလွယ်ဘူး၊ ထောင်ဆူဖို့ မလွယ်ဘူး။ တစ်လတစ်ကြိမ် တနင်္ဂနွေနေ့တွေဆို ထောင်ဆူရင်ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ အမြဲလေ့ကျင့်နေကျပဲ။ လေ့ကျင့်တာဝန် ထမ်းတွေချည်းပဲ မဟုတ်ဘူး။ အကျဉ်းသားအားလုံး(အဆောင်၊တိုက်)တစ်မနက်လုံး ပုံစံထိုင်ခိုင်းလေ့ကျင့် နေဆဲပဲ။ ဒီတော့ မလွယ်တဲ့အရာလွယ်နေတာဟာ စဉ်းစားစရာဖြစ်တယ်။ ပစ္စည်းခိုးသွင်းတာ ၀န်ထမ်းစည်း ကမ်း၊ အဂတိနဲ့စစ်ဆေးအရေးယူလို့ရပေမယ့် ဒီထက်ပိုတဲ့ရည်ရွယ်ချက်ရှိရှိဖြစ်တာဆိုရင် အုပ်ချုပ်ရေးထိပ် ပိုင်းခေါင်းဆောင်တွေ စဉ်းစားအဖြေရှာမယ်လို့ထင်ပါတယ်။ ဒီလိုဖြစ်နေတာတွေရဲ့အကျိုးဆက်အနေနဲ့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်ပါတယ်။

ဦးကိုကိုကြီး (ရခိုင်ပြည်နယ် ပဋိပက္ခများငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီ(ယာယီ)ပြောရေးဆိုခွင့်ရ)
လတ်တလော ထောင်ဆူပူမှုဖြစ်တာက လက်ရှိနိုင်ငံတကာဖိအား အကျပ်အတည်းပေါင်းစုံနဲ့ ဖြတ်သန်းနေရတဲ့ ကျွန်တော်တို့နိုင်ငံအတွက် မကောင်းတဲ့အနေအထားတစ်ရပ်ပေါ့။ လေ့လာမိသလောက်တော့ ထောင်ထဲဖုန်းသုံးခွင့်၊ သတ်မှတ်အချိန်ထက် အခန်းပြင်မှာ ရှိနေကြတာ တွေဟာ ထောင်ကိုအုပ်ချုပ်တဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ ယူဆပါတယ်။ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဟာ မမျှတလို့ ဒီလိုဆူပူမှုဖြစ်တယ်ဆိုတာကတော့ ခိုင်လုံတဲ့အကြောင်းပြချက်လို့ မမြင်မိပါဘူး။ နောက်တစ်ချက် က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ရင် သက်ဆိုင်ရာတာဝန်ရှိသူတွေက အကြိမ်ကြိမ်စိစစ်တင်ပြပြီးမှ သမ္မတကြီးက တာဝန်ယူလက်မှတ်ထိုးလုပ်ဆောင်ရတဲ့အပိုင်းမှာ မျှတမှုမရှိဘူးလို့ လက်လွတ်စပယ်ကောက် ချက်ချလိုက်မယ်ဆိုရင် နည်းနည်းတစ်ဖက်သတ်ဆန်မယ်။ လက်ရှိထောင်ဆူပူမှုဖြစ်စဉ်ကို ခြုံငုံသုံးသပ် ကြည့်ရင် ထောင်တွင်းပြဿနာထက် အုပ်ချုပ်ရေးပိုင်းအပေါ်၊ အောက်ကွာဟမှုပြဿနာလို့ ယူဆမိပါတယ်။

ဦးထွန်းထွန်းဦး (နိုင်ကျဉ်းဟောင်း၊ HRAA လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌ)
ထောင်ထဲလက်ကိုင်ဖုန်းတွေသုံးတယ်ဆိုတာ အခုမှ မဟုတ်ဘဲ။ ကြာလှပြီ။ ထောင်ထဲမှာပိုက်ဆံပေးရင် အကုန်ရတယ်ဆိုတဲ့သဘောမျိုး တွေရှိတာပဲ။ ကျွန်တော်ကိုယ်တိုင်က ထောင်တော်တော်များများမှာ ကျ ခဲ့ဖူးတော့ ထောင်တွေအကြောင်းကို တော်တော်များများသိနေတာပေါ့။ ထောင်ထဲမှာ အဂတိလိုက်စားမှုက ပိုများတယ်။ နောက် ထောင်ထဲမှာ ညနေ ၆ နာရီထိုးရင် အိပ်ဆောင်တံခါးတွေပိတ်တာ။ အကျဉ်းသားတွေ က အထဲမှာပဲနေရတာ။ အခုဖြစ်စဉ်မှာ ထောင်သားတွေက အပြင်မှာအခုလို ဆူပူအော်ဟစ်နေတာမျိုးက ဒီသော့ကို ဘယ်သူကိုင်လဲဆိုတာက အရေးအကြီးဆုံးပဲ။ နိုင်ငံတော်သမ္မတကတော့ လွတ်ငြိမ်းချမ်းသာ ပေးလိုက်တာပဲ။ ဒါပေမဲ့ ဒီလိုပေးနိုင်ဖို့စီစဉ်ပေးရတာက ပြည်ထဲရေးဝန်ကြီးဌာန ကပါ။ ဒီလိုစီစဉ်ပေးတဲ့အခါမှာ တရားမျှတမှုတွေရှိဖို့လိုတာပေါ့ဗျာ။ ထောင်ထဲမှာစည်းကမ်းရှိလား၊ မရှိလားဆိုတာက ထောင်ထဲမှာနေတဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းသားကို အမှတ်ပေးရတာ။ ထောင်ထဲမှာ အကျဉ်းသားတွေရဲ့ တန်းတူအ ခွင့်အရေးမရတာတွေ၊ ငွေကြေးနဲ့ပတ်သက်ပြီးတော့ ဖိနှိပ်ချုပ်ချယ်မှုတွေကို အကျဉ်းသားတွေမခံနိုင်တာလည်း ပါတယ်။ ဒီတော့ ထောင်ဆူတာက အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံရလို့ပါ။

ဦးကျော်သူရအောင် (ဖားကန့်ဒေသခံ)
ထောင်ဆိုတာ ဆူဖို့ခဲယဉ်းတယ်ဗျ။ သမ္မတလွတ်ငြိမ်းကို မကျေနပ် ရအောင်ကလည်း Byname နဲ့လွှတ်ရတဲ့အမျိုးမဟုတ်ဘူးလေ။ ထောင် ပိုင်က သူ့ရဲ့စာရင်းဇယားနဲ့ နာမည်ရွေးလွှတ်ပေးရတာ။ အခုလိုထောင် တွေက  တစ်ချိန်တည်းဆူတယ်ဆိုတာတော့ ဘယ်လိုမှလက်ခံနိုင်စရာအ ကြောင်းမရှိတာပါ။ အခုခေတ်မို့ သတင်းမြန်တာကို လက်ခံတယ်။ ဒါ ပေမဲ့ ထောင်ဆူတဲ့အထိ ထားတဲ့ထောင်ပိုင်နဲ့ ထောင်ဝန်ထမ်းတွေကို သံသယဖြစ်မိတာအမှန်ပဲ။ ကျွန်တော်လည်း တစ်နှစ်ကျဖူးတယ်။ ဘယ် လိုမှ မဖြစ်နိုင်ဘူးလေ။ ၀န်ထမ်းတွေ က တာဝန်အရအလုပ်လုပ်တာမဟုတ်ဘဲ ကြိုးဆွဲရာကတယ်လို့ပဲမြင်တယ်။ တကယ်ထိန်းချင်ရင် ရတယ်။ ထောင်ထဲမှာ လူ ၁၀ ယောက်လောက်စုဝေးနေရင်ကို ထောင်ဝန်ထမ်းက အပြစ်ပေးလို့ရနေပြီ။ ပုဒ်မတူပြီး မလွတ်ဘဲကျန်ခဲ့တာကတော့ အခုမှမဟုတ်ဘူး၊ အရင်ကလည်း ထောင် ထဲမှာရှိခဲ့ဖူးပါတယ်။ အပြင်မိသားစုအသိုင်းအ၀ိုင်းက ထောင်ပိုင်နဲ့ညှိကြတာရှိခဲ့ဖူးသလို ထောင်အတွင်း နေထိုင်စဉ် အကျဉ်းသားက ဘာအလုပ်တွေ လုပ်ခဲ့တယ်ဆိုတဲ့အပေါ်လည်း မူတည်တယ်။ ဥပမာ မိလ္လာ ဘုတ်ဆို လျှော့ရက်များတယ်လေ။ အဓိကကတော့ အခြေခံဥပဒေကို လက်ညှိုးထိုးရမှာပဲ။

ကိုလွမ်းဇောင်း (ကချင်စစ်ရှောင်အရေး ဆန္ဒပြသူ)
လွတ်ငြိမ်းသက်သာခွင့်နဲ့ပတ်သက်လို့ ဘယ်သူတွေကို ဘာကြောင့် လွှတ်တယ်ဆိုတာမျိုးတော့ ကျွန်တော်မသိခဲ့ရဘူး။ ကျွန်တော်တို့ပါပြီ ဆိုမှသာ ပါတယ်လို့သိခဲ့ရတာပေါ့နော်။ ထောင်ကျပြီး နှစ်ပတ်လောက်နဲ့ လွတ်ငြိမ်းသက်သာခွင့်ထဲပါသွားတာရှိတယ်။ သူက ထောင်ထဲမှာ ဘယ် လောက်မှမနေဘဲနဲ့ ထွက်သွားရတာတွေပေါ့။ မူးယစ်နဲ့ဝင်လာပေမယ့် လည်း ထောင်ထဲမှာနေသားမရှိဘဲနဲ့ သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်မှာ ပါတော့ အဓိကအချိန်အကြာကြီးနေပြီး ပြုပြင်ပြောင်းလဲနေပြီဖြစ်တဲ့ သူတွေအတွက်က နစ်နာမှုရှိတာပေါ့။ ဒါပေမဲ့ ထောင်တွေအားလုံးတစ်ပြိုင်နက် ဆူတာကတော့ ပြောရခက် တယ်။ သံသယလည်းဖြစ်မိတယ်။ ကျွန်တော်တို့ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာက ထောင် အာဏာပိုင် တွေဘက်က ဘယ်သူတွေကတော့ဖြင့် အကျင့်စာရိတ္တပြုပြင်လာနိုင်ပြီးမှ၊ အကျဉ်းထောင်ရဲ့ စည်းမျဉ်းစည်း ကမ်းတွေကို တကယ်လိုက်နာပြီးမှ၊ ပြောင်းလဲလာတဲ့သူတွေကို ကောင်းကောင်းမွန်မွန် List လုပ်ပြီးမှ၊ အနေအထားဘယ်လိုရှိတယ်ဆိုပြီး သုံးသပ်ပြီးမှ သမ္မတဆီကို ပို့ရင်ပိုပြီးသင့်တော်မယ်လို့ မြင်မိတယ်။

ဦးချစ်ဆောင်
(နိုင်ငံရေးအကျဉ်းသားဟောင်း၊ ပြည်ခရိုင်မှိုင်းငြိမ်းချမ်းရေးကွန်ရက်)
ကျွန်တော်က ထောင်လေးခါကျတယ်။ ထောင်သက်က ၁၇ နှစ် လောက်ရှိတယ်။ ထောင်ထဲမှာ နေခဲ့ဖူးသူဆိုတော့ ထောင်ထဲမှာ ဆူပူ ဆန္ဒပြဖို့၊ လက်ကိုင်ဖုန်းကိုင်ဖို့၊ ဘောပင်နဲ့စာရေးဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ ထောင်ပိုင်၊ ထောင်မှူးတွေသာ သုံးစွဲခွင့်ရှိတယ်။ ထောင်ဆိုတာ အင်မတန်ဖိနှိပ်တဲ့နေရာမျိုးပါ။ အခုလိုအချိန်ကိုက်ထောင် ခုနစ်ခုလောက်မှာ ဆူပူ၊ ဆန္ဒပြတယ်ဆိုတာကတော့ အံ့ဩစရာပဲ။ ဘာပဲဖြစ်ဖြစ် ထောင်တွေမှာ ထောင်အာဏာပိုင်တွေရဲ့စီမံအုပ်ချုပ်မှုလျော့ရဲနေတာပေါ်လွင်သွားတယ်။ နောက်ပြီး သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွှတ်ပေးတာတွေကလည်း စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုအားနည်းခဲ့တာတွေရှိနိုင်တယ်။

ဦးတင့်ဆွေ (မဇ္စျိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌ၊ တာချီလိတ်မြို့)
ဒီလိုကြီးအထိ ထောင်ဆူတာမျိုးက တစ်ခါမှမကြားဖူးတာ။ အံ့ဩ မိတာတော့ အမှန်ပဲ။ ဒီလိုဆူပူမှုမျိုးကိုတော့ အားလည်းမပေးပါဘူး။ မဖြစ်သင့်ဘူးလို့မြင်တယ်။ ဒါပေမဲ့ ပုဒ်မတူပြီးလွတ်တဲ့သူလွတ်၊ မလွတ် တဲ့သူ မလွတ်ဆိုတော့ သူတို့လည်း ခံစားချက်ရှိလို့သာ ပေါက်ကွဲထွက် လာတာဖြစ်မယ်လို့လည်း သုံးသပ်မိတယ်။ အကျဉ်းသားတွေကို ဖုန်း တွေပေးသုံးတာကတော့ ၀န်ထမ်းတွေရဲ့တာဝန်မဲ့မှုဆိုတာ ပေါ်လွင်နေပါတယ်။ အဓိကဖြစ်စေချင်တာကတော့ ဖုန်းပေးသုံးမယ့်အစားစာအုပ်တွေပေးဖတ်စေချင်တယ်။ ပြီးတော့ ပြစ်မှုတူတူချင်း လွတ်တဲ့သူကလွတ်ပြီး ကျန်တဲ့သူက ကျန်နေခဲ့တဲ့အ ဖြစ်မျိုးကတော့ လုံးဝမဖြစ်သင့်ဘူးလို့မြင်မိတယ်။ ထောင်ဝန်ထမ်းတွေရဲ့အားနည်းချက်တွေ အများကြီးရှိနိုင်တယ်။ ဒီဖြစ်စဉ်ကို သင်ခန်းစာယူပြီး ထောင်ဝန်ထမ်းတွေကိုလည်း သန့်ရှင်းရေးလုပ်ပေးသင့်တယ်လို့မြင်တယ်။

ဦးဇော်သူရိန်ထွန်း (စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင်)
အကျဉ်းထောင်ထဲမှာကတော့ ဖုန်းမှမဟုတ်ပါဘူး။ ယုတ်စွအဆုံး WY ဆေးပြားလိုချင်ရင်တောင် ရနေတဲ့အနေအထားပါ။ အကျဉ်းဦးစီး ၀န်ထမ်းတချို့ရဲ့ စည်းကမ်းဖောက်ဖျက်မှုတွေကြောင့်ပေါ့။ အခန်းအပြင် မှာ လူတွေစုရုံးခွင့်ရနေတာတော့ ထောင်အာဏာပိုင်တွေရဲ့ ပေါ့ဆမှုပါ။ သက်ဆိုင်ရာထောင်ပိုင်ကို အရေးယူသင့်ပါတယ်။ အခုလိုဆူပူမှုဖြစ်လာ အောင် လှုံ့ဆော်နိုင်တဲ့အကြောင်းကတော့ နိုင်ငံတော်သမ္မတအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းကို သေချာစိစစ်ဖို့လိုတယ်လို့မြင်ပါတယ်။

ဦးအောင်မျိုးကျော် (နိုင်ငံရေးအကျဉ်းသားဟောင်း)
အခုဖြစ်စဉ်က တော်တော်ထူးခြားတဲ့ဖြစ်စဉ်ပါ။ ကျွန်တော်တို့ ထောင်ထဲမှာ နေခဲ့တဲ့တစ်လျှောက်လုံးရော၊ အခုဒီဘက်ကာလတွေအထိ ရော ဒါမျိုးဖြစ်တာတစ်ခါမှမကြားဖူးဘူး။ အရင်တုန်းက ထောင်တွင်း ဆန္ဒပြတာ ဘယ်လိုအခြေအနေမှာသာရှိလဲဆိုရင် ထောင်ကထုတ်တဲ့ မတရားတဲ့အမိန့်တွေ၊ မတရားအလုပ်ခိုင်းစေမှုတွေ၊ နောက်တစ်ခုက လွတ်ရက်စေ့ရဲ့သားနဲ့ မလွတ်သေးတဲ့ ကိစ္စမျိုးတွေ ဒီလိုအခြေအနေမျိုး တွေမှာပဲ နိုင်ငံရေးအကျဉ်းသားတွေက အစာငတ်ခံဆန္ဒပြတဲ့အထိကို တိုက်ပွဲဝင်ကြတာလေ။ လွတ်ငြိမ်းချမ်းသာခွင့်မှာ မပါလို့ဆိုတာမျိုးနဲ့ ရာဇ၀တ်အကျဉ်းသားတွေက ဆန္ဒပြ တာလည်း တစ်ခါမှမရှိဖူးဘူး။ အကျဉ်းထောင်အတွင်းမှာ ဒီလိုဆန္ဒပြမှုတွေဖြစ်တာနဲ့ အကျဉ်းသားသေဆုံးရ တာတွေကို ပြည်ထဲရေးအပါအ၀င် အစိုးရအဖွဲ့တွေမပါတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ဖို့ အစိုးရက စီစဉ်ဆောင်ရွက်ပေးသင့်တယ်။

ဦးဂျန်ခုန်း (မြစ်ကြီးနားဒေသခံ)
ဒီထောင်ဆူတဲ့ဟာက သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာ ထောင် ၀န်ထမ်းတွေက အကြီးအကျယ်စီးပွားရေးလုပ်ငန်းလုပ်လိုက်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်ဗျ။ ပြောချင်တာကတော့ သူတို့တွေက ဒီဟာကို လုပ်ပိုင်ခွင့်ကို ရောင်းတဲ့ပုံစံမျိုးဖြစ်နေတယ်။ ဒါကြောင့်မို့လည်း မမျှမတလေးတွေရှိလာတာပေါ့နော်။ ထွက်ရမယ့်လူတွေက မထွက်၊ တန်းတူညီတူအခွင့်အရေးတွေက မရဖြစ်တာတွေ၊ ပြီးတော့ဖုန်းသုံးတာ တွေ၊ ညဘက်အခန်းပြင်မှာနေတာတွေ ဒါတွေ အကုန်လုံးက၀န်ထမ်း တွေက အကျင့်ပျက်ခြစားမှုက အတော်လေးကိုကြီးမားနေပြီလို့ ကျွန်တော်မြင်တယ်။ အဓိကကတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို သူတို့လက်ထဲရောက်လာတဲ့ တကယ့်ပါမစ်ကြီးတစ်ခုလိုမျိုး လုပ်ပြီးမှ ရောင်းစားနေတဲ့ပုံစံမျိုးကို ကျွန်တော်ကတော့မြင်တယ်ဗျ။ ဒါကြောင့်မို့လည်း ထောင်တွေကအခုလိုမျိုးဆူပူ လာတာပေါ့။ နိုင်ငံရေးပယောဂလည်း ပါကောင်းပါနိုင်ပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုမြင်ပါတယ်။

No comments:

Post a Comment