
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦး က ''အဆင်းမှာ ပြေးလမ်းချော်သွားတာပါ။ အသေအပျောက်တော့ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူတွေတော့ရှိတယ်။ လေယာဉ်တော့ ပျက်စီးသွားတယ်။ လောလောဆယ်ဖြစ်ပွားတဲ့ နေရာမှာ လေယာဉ်ဆီတွေ ယိုစိမ့်နေလို့ အနားလည်းကပ်လို့ မရသေးဘူး။ မီးသတ်က အသင့်စောင့်နေရတယ်။ သတိထားပြီး လုပ်နေရတယ်'' ဟု ည ၇ နာရီ ၁၀ မိနစ်ခန့်က မြန်မာ့သတင်း စဉ် သို့ ပြောသည်။
ယင်းလေယာဉ်တွင် ခရီးသည် ၂၉ ဦး ၊ လေယာဉ်အမှုထမ်း ခြောက်ဦး လိုက်ပါလာပြီး ခရီးသည်များတွင် ကနေဒါ တစ်ဦး၊ တရုတ် သုံးဦး၊ ဒိန်းမတ်တစ်ဦး၊ ပြင်သစ်တစ်ဦး၊ UK နှစ်ဦး၊ အိန္ဒိယတစ်ဦး၊ ဆွစ်ဇာလန်တစ်ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၆ ဦး၊ မြန်မာသုံးဦး လိုက်ပါလာကြောင်း သိရသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ည ၇ နာရီခန့်မှာ ရန်ကုန်လေဆိပ်ကို ဆင်းလာတဲ့Biman Bangladesh လေကြောင်း လိုင်းက လေယာဉ်ဟာ ပြေးလမ်းနဲ့ ဘီးမထိဘဲ ပေ ၆၀၀၀ လောက်မှ ပြေးလမ်းနဲ့ ဘီးသွားထိတယ်။ နောက်ကျသွားလို့ပြန်တက်ဖို့ ကြိုးစားတဲ့အခါမှာ မတက်နိုင်တော့ဘဲ ပြန်ကျပြီး ပြေးလမ်းအဆုံး ညာဘက်ထိပ်ကိုပြန်ကျတယ်။ လေယာဉ်တောင်ပံ နှစ်ခု ကျိုးပြီး ကိုယ်ထည်တွန့်ခေါက်ပျက်စီးသွားတယ်''ဟု ပြောသည်။
ဖြစ်စဉ်ဖြစ်ပွားနေစဉ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ခေတ္တပိတ်ထားပြီး ယင်းအချိန်တွင် ဆင်းသက်မည့် ပြည်တွင်းလေယာဉ်များသည် နေပြည်တော်လေဆိပ်သို့ လည်းကောင်း၊ ပြည်ပလေကြောင်းလိုင်းများသည် ထိုင်းနိုင်ငံ ချင်းမိုင်သို့ လည်းကောင်း ဆင်းသက်ခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်မှူးတစ်ဦး၊ လေယာဉ်မယ်တစ်ဦး၊ အင်ဂျင် နီယာတစ်ဦးနှင့် ခရီးသည် တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ လေဆိပ်ရှိလူနာတင်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ ကျန်ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအား လေဆိပ်အတွင်း ခေါ်ယူကြည့်ရှု စစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အနည်းငယ်ဒဏ်ရာ ရရှိသော လေယာဉ်အမှုထမ်း သုံးဦးနှင့် ခရီးသည် ၁၂ ဦးအား မြောက်ဥက္ကလာပ ပြည်သှူ ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ကာ ကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ် ဖြစ်ပွားချိန်မှစ၍ လေယာဉ်ပြေးလမ်းကို ခေတ္တပိတ်ထားခဲ့ပြီး ပြေးလမ်း စစ်ဆေးခြင်း၊ ရှင်းလင်းခြင်းများဆောင်ရွက်စေခဲ့ရာ ည ၉ နာရီ ၁ မိနစ် တွင် လေယာဉ်ပြေးလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်တွင်းပြည်ပ လေယာဉ် များ ပုံမှန်ပြန်လည်ဆင်းသက်လျက်ရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်၊ လေဆိပ်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဌေးနှင့် တာဝန်ရှိသူများ သွားရောက်ကာ ဒဏ်ရာရသူများအား အားပေးစကား ပြောကြားခြင်း၊ အခင်းဖြစ်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မရမ်းကုန်းမြို့နယ် မြန်မာ့ကြယ်ဖြူ အသင်း မှ ကိုလွင်မောင်က ''ကျွန်တော်တို့ လူမှုကူညီရေးအဖွဲ့တွေအားလုံး လူနာတင်ယာဉ်နဲ့အတူ ရောက်ရှိနေကြပါတယ်။ ခုမြောက်ဥက္ကလာဆေးရုံမှာရှိတဲ့ ဒဏ်ရာရ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ခြောက်ဦး ပေါင်း ၁၉ ဦး ကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ခွဲစိတ်ရမယ့် လူနာ လေးဦး ရှိတယ်။ နှစ်ဦးက ဒဏ်ရာနည်းနည်း ပြင်းထန်တယ်။ အဲဒီထဲမှာ လေယာဉ်မှူးလည်း ပါတယ်''ဟု ပြောသည်။
No comments:
Post a Comment