မေလ ၇ ရက် နေ့လယ်က အဆိုပါ နေအိမ်များကို ဖယ်ရှား ပြီး ပုသိမ်မြို့နယ် တရားရုံး တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်ခိုင်သန္တာစိုးက ‘မြေအစရှိသည်တို့ကို လက်ရောက်လွှဲအပ်ပေးစေရန် ဘိလစ်သို့ဆင့်သည့် အမိန့်ဝရမ်းစာ’ဖြင့် အဆိုပါ အိမ်များကို ဖယ်ရှားခဲ့ကြောင်း အိမ်များမဖျက်မီတရားရုံးမှ တာဝန်ရှိသူက ကြေညာသည်။
နေအိမ် ဖယ်ရှားခံရသူများ သည် ယခင်က အောင်ရတနာဆန်စက်ဝန်ထမ်းများဖြစ်ပြီး ၁၉၇၅ မုန်တိုင်းမတိုက်မီ ၎င်းတို့ သည် ဆန်စက် ဝန်ထမ်းတန်းလျားတွင် နေထိုင်ခဲ့ကြောင်း နေအိမ် ဖယ်ရှားခံရသူ ဦးမောင်အေးက ပြောသည်။ မုန်တိုင်းကြောင့် အလုပ်သမားတန်းလျား ပြိုကျ သဖြင့် ချောင်းတစ်ဖက်ကမ်းရှိ အစိုးရမြေပေါ်တွင် ၎င်းတို့ မိဘ များ လက်ထက်ကစ၍ အိမ် ဆောက် နေထိုင်ခဲ့ကြောင်း၎င်းက ပြောသည်။
‘‘အခုနေဖို့ နေစရာမရှိဘူး။ ကျောင်းကလည်း ဖွင့်ခါနီးပြီ။ ကျောင်းသားတွေလည်း ရှိတယ်။ အရမ်းဒုက္ခရောက်တယ်’’ ဟု ဦးမောင်အေးက ပြောသည်။
တရားရုံးအမိန့်ဖြင့် ဖယ်ရှား ခံရသည့် နေအိမ်များ၌ နေထိုင်သူ များသည် လက်လုပ်လက်စားများ ဖြစ်ပြီး ဆန်စက်ပိုင်ရှင် ဒေါ်တင် တင်ခိုင်နှင့် ၂၀၀၅ ကစ၍ တရား ရင်ဆိုင်ခဲ့ရကြောင်း ဦးမောင်အေး က ရှင်းပြသည်။
အဆိုပါ နေအိမ်များကို ဖယ် ရှားရာတွင် တရားရုံးဝန်ထမ်းများ နှင့်အတူ ရဲတပ်ဖွဲ့ဝင်များပါဝင်ပြီး နှစ်ဖက်ပြဿနာ မဖြစ်ပွားစေရန် လုံခြုံရေးအရ လိုက်ပါခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကျော်စိုးအောင်က ပြောသည်။
‘‘ဒီလူတွေရဲ့ အခက်အခဲကို ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ စာနာပါတယ်။ ရပ်ကွက်အုပ်ချုပ် ရေးမှူးက သူတို့ကို နေဖို့နေရာ စီစဉ်ပေးထားတယ်။ ကျွန်တော် တို့ ရဲတပ်ဖွဲ့အနေနဲ့လည်း သူတို့ စားဖို့ တတ်နိုင်သလောက်ကူညီ ဖြေရှင်းပေးသွားမယ်’’ဟု ဒုရဲအုပ် ကျော်စိုးအောင်က ပြောသည်။ လက်ရှိတွင် အဆိုပါအိမ် များကို ဆန်စက်အလုပ်သမားများ ဖြင့် အင်အားသုံးဖယ်ရှားနေပြီး ဖယ်ရှားခံရသည့် အိမ်များမှ ပစ္စည်းများကို ထားရန်နေရာမရှိ သေးကြောင်း အိမ်ဖယ်ရှားခံရသူ များက ပြောသည်။ အဆိုပါ နေ အိမ်များတွင် အသက် (၇၀) ကျော် အဘွားအို တစ်ဦးစီနေထိုင်သည့် အိမ်နှစ်လုံးပါဝင်ပြီး တစ်ဦးသည် ကျန်းမာရေးချို့တဲ့မှု ကြောင့် သွားလာရန် အခက်အခဲ ရှိသူဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment