မေ ၃ ရက်တွင် နောက်ဆက်တွဲအနေဖြင့် ကျူးလွန်သူ ထွက်ဆိုချက်အရ ရွှေချောင်း ငါးချောင်းကို ကျောက်မဲမြို့ရှိ နေအိမ်တွင် ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး၊ အမှုမှကျူးလွန်သူ ကွင်းဆက်တရားခံ ဖမ်းဆီးရမိနိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“အမှုနောက်ဆက်တွဲအနေနဲ့ ထွက်ဆိုချက်အရ ရွှေချောင်းငါးချောင်း ထပ်ရတာပေါ့။ ကွင်းဆက်တရားခံ ရှိပါသေးတယ်။ ကွင်းဆက်တရားခံကိုလည်း ဖော်ထုတ်နေပါတယ်။ ပစ္စည်းတွေကို ပြန်လာလွှဲပေးမယ်။ တရားရုံးစွဲတင်တော့ တပေါင်းတစည်းတည်း ဖြစ်အောင်ပေါ့။ လာပို့မှာပေါ့။ ထပ်ရတာက ရွှေချောင်း ငါးချောင်း ထပ်ရတာပေါ့” ဟု တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး ခင်မောင်ဦးက ပြောကြားသည်။

ထိုတောင်ကြီးမြို့၊ မြင်းဖြူနှစ်ကောင် ဆေးတိုက် လေးလောင်းပြိုင် အမှုသည် ဧပြီ ၂၈ ရက် နံနက်စောစော အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တရားခံကို ဧပြီ ၂၉ ရက် မနက် ၇ နာရီတွင် ဖမ်းဆီးရမိခဲ့သဖြင့် တစ်ရက်အတွင်း ပြန်လည်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပြီး၊ ရွှေထည်လက်ဝတ်ရတနာ ပစ္စည်းများကိုပါ ပြန်လည်ရရှိလာသဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကို ဒေသခံများက ချီးကျူးနေကြခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့၊ လေးလောင်းပြိုင် နာရေးဈာပန အခမ်းအနားကို ဧပြီ ၃၀ ရက် မွန်းလွဲပိုင်း ၁ နာရီတွင် ပို့ဆောင်ခဲ့ပြီး လူဦးရေနှစ်ထောင်ကျော် လိုက်လံပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်တွင် အိမ်ရှင်အပါအဝင် လူလေးဦးကိုသတ်ပြီး၊ ငွေကျပ်သိန်း ၄၀ နှင့် လက်ဝတ်ရတနာ ရွှေထည်ပစ္စည်းပေါင်း ငွေကျပ် ၁၅၁၇ သိန်းဖိုးဖြစ်ပြီး၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၅၅၇ သိန်း ဖြစ်ကြောင်း တောင်ကြီးခရိုင် ရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်ဦးထံမှ သိရသည်။
အဆိုပါ တောင်ကြီးကန်သာရပ်ကွက် လေးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူများသည် ကျောက်ပြာပါ လက်စွပ်နှစ်ကွင်း၊ ကျောက်နီပါ လက်ကောက်လေးကွင်း၊ ရွှေဘယက်တစ်ကုံး၊ ကျောက်ပြာပါ ရွှေဘယက် နှစ်ကုံး၊ ၁၂ ကျပ်သားခန့်ရှိ ရွှေချောင်း ခြောက် ချောင်း၊ စိန်လက်ကောက် သုံးကွင်း၊ ဒင်္ဂါး လက်ကောက် ၁၄ ကွင်း၊ ရွှေခေါင်းဘီး နှစ်ခု၊ ရွှေဆံညှပ် တစ်ခု၊ ငွေဒင်္ဂါးပြား အပြား ၃၀ဝ၊ ရွှေဆွဲကြိုး ၁၁ ကုံး၊ ရွှေလက်ကောက် ၁၃ ကွင်းနှင့် ငွေသားကျပ်သိန်း ၄၀ တို့ကိုယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကို တောင်ကြီးမြို့မ ရဲ စခန်းတွင် (ပ) ၇၉၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အရှေ့ဘက် နဂါးတောင်တန်း အတက်လမ်း၊ ဟိုပုံးမြို့ အထွက်လမ်းပေါ်ရှိ ဆေးတက္ကသိုလ် အနောက်ဘက်တွင် တည်ရှိသော ဆောက်လုပ်ရေးတပ်ဆွယ်၊ လိုင်းခန်းအတွင်း ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက် ညနေပိုင်းတွင် လေးလောင်းပြိုင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
No comments:
Post a Comment