
မကွေးမြို့ တောင်တွင်းလမ်း တိုးဂိတ်အနီးမှာ မေ ၄ ရက်နေ့ နေ့လယ်ပိုင်းက ရှေ့ဘရိတ်ရှူးငြိပြီး အပူလွန်ကဲရာကနေ ကွန်တိန်နာ တွဲကားတစီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်ကနေ မင်းဘူးကို စောဇင် မောင်းနှင်လာတဲ့ ၁၈ ဘီး FUSO အမျိုးစား ကွန်တိန်နာတွဲကားဟာ အချိန်ကြာမြင့်စွာမောင်းနှင်လာလို့ ရှေဘရိတ်ရှူး ငြိပြီး အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ မီးလောင်ကျွမ်းတဲ့ နေရာကို မကွေးခရိုင် မီးသတ်တာဝန်ရှိသူတွေက မီးသတ်ယာဉ် ၄ စီးနဲ့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်မှုကြောင့် ကွန်တိန်နာ(တွဲ)ကား ခေါင်းခန်း နဲ့ ရှေ့တာယာတွေ မီးလောင်ကျွမ်းခဲ့ပြီး ကျပ် ၁၅ သိန်းဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မကွေးနယ်မြေစခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်း စောဇင်ကို မကွေးနယ်မြေရဲစခန်းမှာ မီးပေါ့ဆမှု ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။
No comments:
Post a Comment