
“မြဝတီခရိုင်ရဲတပ် ဖွဲ့မှူးကြီးက သဘောလည်းအလွန်ကောင်းသလို ပြည်သူ့ဆန္ဒကိုလည်း လိုက်လျောပါတယ်။ တာဝန်လည်း ကျေပွန်ပါတယ်။ ဒါကြောင့် သူ့ကိုပြည်သူတွေက ချစ်ကြပြီး သူကပြည်သူတွေနဲ့ သဟဇာတ တည့်တာပေါ့။ နောက်ပြီး သတင်းမီဒီယာတွေနဲ့သော်လည်းကောင်း၊ ရပ်မိရပ်ဖများနဲ့သော်လည်းကောင်း အားလုံးအဆင်ပြေတယ်။ ပွင့်လင်းမြင်သာမှုရှိတယ်၊ သူ့ဖုန်းနံပါတ်ကို ပြည်သူတွေကိုပေးထားသလို ပြည်သူက သူ့ဆီဖုန်းဆက် အကူအညီတောင်းတာနဲ့ ဒုစရိုက်မှုတွေကို ပြည်သူတွေနဲ့ပေါင်းပြီး ချက်ချင်းဆောင်ရွက်ပေးပါတယ်။ မာနကြီးခြင်း ဘဝင်မြင့်ခြင်းမရှိဘူး။ ကျောသားရင်သား ခွဲခြားဆက်ဆံခြင်း မရှိဘူး။ ဒါကြောင့် ဒီခရိုင်ရဲမှူးကြီး ပြောင်းရွှေ့မသွားစေဘဲ မြဝတီမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်စေဖို့ အခုလိုဆန္ဒထုတ်ဖော်တာပါ” ဟုဆန္ဒထုတ်ဖော်သည့်အဖွဲ့ခေါင်းဆောင် ဦးသက်ဦးနိုင်က ပြောကြားသည်။
ခရိုင်ရဲတပ်ဖွဲ့မှူး မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်သည့်အဖွဲ့သည် မြဝတီမြို့အမှတ် ၅ ရပ်ကွက်သုခလမ်းတွင် မေ ၁၉ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် စုဝေးကြပြီး မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်နိုင်ထွန်း မြဝတီမြို့မှ ပြောင်းရွှေ့မသွားရေး...(ဒို့အရေး၊ ဒို့အရေး)၊ မြဝတီမြို့တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆောင်ရွက်ပေးနိုင်ရေး (ဒို့အရေး.. ဒို့အရေး) ဟု ကြွေးကြော်သံများဖြင့် ဘုရင့်နောင်လမ်းမကြီးအတိုင်း ချီတက်ကာ မြန်မာ့စီးပွားရေးဘဏ်ရှေ့ အရောက်၌ လူစုခွဲခဲ့ကြသည်။
မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နိုင်ထွန်းသည် နေပြည်တော်ရှိ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့သို့ ဦးစီးအရာရှိ(ပထမတန်း)အဖြစ် မေ ၁၄ ရက်က ပြောင်းရွှေ့မိန့်ကျခဲ့ကြောင်း သိရသည်။
No comments:
Post a Comment