Monday, May 20, 2019

ထိုင်းအခြေစိုက် ဗြိတိန်နိုင်ငံ WVS အဖွဲ့က ရန်ကုန်မြို့ရှိ လေလွင့်ခွေးများ မျိုးဆက်မပြန့်ပွားရေး ၃ နှစ် အခမဲ့ကူညီဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံအခြေစိုက် ဗြိတိန် Worldwide Veterinary Services (WVS) အဖွဲ့သည် ရန်ကုန်မြို့ရှိ လေလွင့်ခွေးများ မျိုးဆက်ပွားမှုထိန်းချုပ်ရေးအတွက် စီမံကိန်းချမှတ်ကာ ၃ နှစ် အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောသည်။ လက်ရှိအချိန်တွင် ယင်းအဖွဲ့က မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (MVA) နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် (၂)၊ (၃)၊ (၄)၊ (၅)၊ (၁၄) ရပ်ကွက် များအတွင်းရှိ လေလွင့်ခွေးကောင်ရေ ၅ဝဝ ခန့်ကို မျိုးပွားမှုထိန်းချုပ်ရေး ရှေ့ပြေးစီမံကိန်းစတင်နေပြီဖြစ်သည်။ ယင်းစီမံချက်ကို မေလ ၁ဝ ရက်မှ စတင်၍ ၁၈ ရက်နေ့အထိ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ ရွှေပိတောက်ငါးဈေးအနီးရှိ ပညာရေးမှူးရုံးဟောင်း တွင် ခွဲစိတ်ကုသမှုများပြုလုပ်ကာ အကောင်အထည်ဖော်နေခြင်းလည်းဖြစ်သည်။


လေလွင့်ခွေးများ မျိုးဆက်မပြန့်ပွားရေးစီမံကိန်းဆောင် ရွက်ရာတွင် ရပ်ကွက်များအတွင်းရှိ လေလွင့်ခွေးများကို ပိုက် ကွန်ဖြင့်အရှင်ဖမ်း၍ ခွဲစိတ်မည့်နေရာသို့ လှောင်အိမ်ဖြင့်သယ်ဆောင်ကာ ခွေး၏အလေးချိန် ချိန်ခြင်း၊ မေ့ဆေးပေးခြင်း၊ ခွေးရူးပြန်ကာကွယ်ဆေးထိုးခြင်း၊ သန်း၊ သန်ကောင်ချဆေးထိုးခြင်း၊ သန့်ရှင်းရေးပြု လုပ်ခြင်းများကို ကနဦးပြုလုပ်ကြောင်း၊ ထို့နောက် ခွေးအားဓာတ်ဆားရည်သွင်းခြင်းပြုလုပ်၍ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုကြာချိန်မှာ (ခွေးမ မိနစ် ၄ဝ )၊ (ခွေးထီး ၁၅ မိနစ်)စသည်ဖြင့် အသီးသီးကြာကြောင်း သိရသည်။

''တနေ့ကို အကောင် ၅ဝ ကျော် လောက်ဖမ်းပြီးတော့ ခွဲစိတ်တာ။ ခွဲစိတ်ပြီးတာနဲ့ ခွဲစိတ်ကုသ၊ သင်းကွပ်ပြီးဖြစ် ကြောင်း ခွေးနားရွက်ကိုပစောက်ပုံစံဖြတ် အမှတ်အသားလုပ်ပြီး ပြန်လွှတ်ပေးတာ။ သူတို့က စနစ်ကျတယ်။ အထီး၊ အမ အကောင်ရေဘယ်လောက်ဆိုပြီး စာရင်းလိုက်ကောက်တာ။ ပြီးတော့ ရပ်ကွက်နေ ပြည်သူတွေကိုလည်း ဒီလိုခွဲစိတ်ကုသ၊ သင်းကွပ်ပေးတာမျိုးကြိုက်လား၊ ဘယ်လိုမျိုးလုပ်စေချင်လဲ၊ ဘယ်လိုဖြစ်စေချင်လဲဆိုတာမျိုး မေးတယ်။ ခွဲစိတ်ကုသမှုပြီးရင်လည်း ခွေးအကောင်ရေစာရင်း စနစ်တကျ လုပ်ထားတယ်။ ဒီပရောဂျက်အောင်မြင်တယ်ဆိုရင် အဆင်ပြေရင် နောက် ၃ နှစ် ဆက်တိုက် အကူအညီ ပေးမယ်လို့ သိရတယ်။ ရန်ကုန်တိုင်းတတိုင်းလုံးပေါ့''ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။

WVS အဖွဲ့သည် ထိုင်းနိုင်ငံတွင် လေလွင့်ခွေးပပျောက်ရေးစီမံကိန်းများကိုဆောင်ရွက်နေပြီး ခွေးရူးပြန်ရောဂါပပျောက်ရေးကို အဓိကဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။ လှိုင်မြို့နယ်အတွင်း ယင်းရှေ့ပြေးစီမံကိန်းဆောင်ရွက်ရာတွင် WVS အဖွဲ့မှ ခွဲစိတ်ဆရာဝန် ၄ ဦး၊ သူနာပြု ကျား၊ မ ၅ ဦး၊ ခွေးဖမ်း သည့်အဖွဲ့ဝင် ၃ ဦးပါဝင်ကြောင်း၊ ကိုင်တွယ်ခွဲစိတ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ ခွေးဖမ်းသည့်အဖွဲ့များကို ကာကွယ်ဆေးထိုးကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီအဖွဲ့ကဆေးဆိုရင် အကုန်ပါတယ်။ ကျွန်တော်တို့က ဘာမှပေးစရာ မလိုဘူး။ ဘာမှမကုန်ဘူး။ ခွေးတွေဝိုင်း ဖမ်းပေးတဲ့ကလေးတွေဆိုရင် တနေ့ကို ၂ သောင်းပေးတယ်။ ဒါလုပ်ပြီး အဲဒီအဖွဲ့က ထိုင်းကိုပြန်မှာ။ ရန်ပုံငွေရရှိတဲ့အပေါ်မူတည်ပြီး ရန်ကုန်တမြို့လုံးမှာရှိတဲ့ လေလွင့်ခွေးမျိုးပွားနှုန်း ထိန်းချုပ်ရေးကို ကူညီပေးမှာ''ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။

ရန်ကုန်မြို့တွင် လေလွင့်ခွေးအကောင်ရေ တနှစ်ထက်တနှစ်တိုးပွားများပြားလာပြီး ၂ဝ၁၄ ခုနှစ်တွင် အကောင်ရေ ၇ သောင်း၊ ၂ဝ၁၈ ခုနှစ်တွင် အကောင်ရေ ၁ သိန်းလေးသောင်း၊ ယခု ၂ဝ၁၉ ခုနှစ်တွင် အကောင်ရေ ၁ သိန်းခွဲရှိနေကြောင်းနှင့် လေလွင့်ခွေးဂေဟာများအနေဖြင့် လှိုင်သာယာတွင် စည်ပင်ပိုင် ခွေးဂေဟာတခု၊ ပုဂ္ဂလိကခွေးဂေဟာ ၈ ခု စုစုပေါင်း ၉ ခုခန့်သာရှိကြောင်း သိရသည်။

No comments:

Post a Comment