
အမေရိကန်နှင့်အီရန်အကြား အားပြိုင်မှု၊ တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲ၊ ရုရှားကရွေးကောက်ပွဲတွင် စိုးမိုးခြယ်လှယ်နိုင်သည့် ခြိမ်းခြောက်မှုသစ်များကို ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်ဆက်ဆံမှုများ၌ သိမ်မွေ့နက်နဲမှုများအား စိတ်ရှည်မှုနည်းပါးသော ထရန့် အစိုးရက ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုများနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အရာများတွင် ရလဒ်များထွက်ပေါ်စေရန် ဖိအားများ ကြုံနေရစဉ် ထရန့်သည် ဇွန် ၂၇ ရက်တွင် ဂျပန်သို့ရောက်ရှိပြီးနောက် မကြာမီ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်နှင့် ညစာစားပွဲ၌ စတင်တွေ့ဆုံဆွေးနွေးမှုအပါအဝင် ဂျီ- ၂၀ ထိပ်သီး၏ ဘေးဆွယ်တွေ့ဆုံမှုများ၌ ခေါင်းဆောင်ရှစ်ဦးထက်မနည်းနှင့် တစ်ဦးချင်းစီ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
သို့သော် ဂျပန်နှင့်ဗြိတိန်တို့သို့ သွားရောက်ခဲ့ပြီးနောက် တစ်လအတွင်း ထရန့်၏ တတိယမြောက် ပြည်ပခရီးစဉ်အတွင်း သေချာသည့်အောင်မြင်မှုများ ရရှိနိုင်သည့် အလားအလာများကို အိမ်ဖြူတော်တာဝန်ရှိသူများက မှိန်ချထားခဲ့သည်။
ရုရှားသမ္မတဗလာဒီမာပူတင်၊ တရုတ်သမ္မတ ရှီကျင်ပင်း၊ တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်၊ ဆော်ဒီအာရေဗျအိမ်ရှေ့ မင်းသား မိုဟာမက်ဘင်ဆယ်မန်တို့ကဲ့သို့ အာဏာရှင်ဖြစ်လာရန် တိမ်းညွှတ်လာနေ သောခေါင်းဆောင်များ၊ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ကဲ့သို့ စိုးရိမ်ပူပန်နေသည့် မဟာမိတ်များနှင့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကဲ့သို့ ပို၍ဖက်ပြိုင်လာနေသည့် ခေါင်းဆောင်များနှင့် ထရန့်က အိုဆာကာတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
ဂျပန်သို့ မရောက်ရှိမီတွင်ပင်ထရန့်က ゞင်းနှင့်တွေ့ဆုံမည့် ခေါင်းဆောင်များအနက် တစ်ဦးဖြစ်သည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကို ရည်ညွှန်း၍ သတင်းစကားပါးခဲ့သည်။ အမေရိကန်ကုန်ပစ္စည်းများအား မကြာသေးမီက စည်းကြပ်ခွန်များ ပြဋ္ဌဌာန်းခဲ့သည့်အိန္ဒိယကို ထရန့်က အပြစ်တင်ခဲ့ပြီး ယင်းသည် လက်သင့်ခံစရာမကောင်းဘဲ ထိုစည်းကြပ်ခွန်များအား ရုပ်သိမ်းပစ်ရမည်ဖြစ်ကြောင်း Twitter ၌ ရေးသားခဲ့သည်။
ထရန့်သည် အီရန်၏နျူကလီးယားစီမံကိန်းအတွက် စကားလုံးစစ်ပွဲများ ဆင်နွှဲခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်လုဆဲဆဲအနေအထားကို ကြုံခဲ့ရပြီးနောက် ရက်ပိုင်းအကြာတွင် အာရှခရီးစဉ်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ အီရန်က ၂၀၁၅ ခုနှစ်တွင် ရရှိထားသော အထင်ကရ နျူကလီးယားသဘောတူညီချက်၌ သတ်မှတ်ထားသော ယူရေနီယမ် သန့်စင်မှု ကန့်သတ်ချက်များအား ဇွန် ၂၇ ရက်မှစတင်၍ လိုက်နာတော့မည်မဟုတ်ဟု ခြိမ်းခြောက်ထားသည်။
တောင်ကိုရီးယားသို့ သွားရောက်စဉ်အတွင်း ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်မရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ သို့သော် ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင် တောင်ကိုရီးယားသို့သွားရောက်စဉ်အတွင်း ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန်သို့ ရဟတ်ယာဉ်ဖြင့်သွားရောက်ရန် စီစဉ်ထားမှုသည် မြူနှင်းထူထပ်မှုကြောင့် ပျက်ပြားခဲ့ပြီးနောက် ထရန့်သည် ယခုခရီးစဉ်တွင် ထပ်မံသွားရောက်မည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။
No comments:
Post a Comment