
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ ရွှေမိုးတောင်ပေါ်တွင် တည်ထား ကိုးကွယ်တော်မူသည့် ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် စေတီတော်၌ သံဃာအပါး ၁ဝဝဝ အား ဆွမ်းသပိတ်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော် ပရိဝုဏ်၌ ပြုလုပ်သည်။ အဆိုပါဆွမ်းသပိတ်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ဘုန်းတော်ကြီးကျောင်း ၂၆၁ ကျောင်းမှ သံဃာအပါး ၁ဝဝဝ ကြွရောက်တော်မူကြပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ဆွမ်းသပိတ်နှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရွှေမိုးတောင်ဓမ္မာရုံ၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆားမှော်မြို့၊ အောင်မင်္ဂလာကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသြဘာသ အမှူးပြုသော သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ဖတ်တော်မူသည့် ပရိတ်တရားတော်များ နာယူကြသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော် အဘိဓဇအဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ဘဒ္ဒန္တကေတုမာလာထံမှ ရေစက်သွန်းချအမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment