“တဦးတယောက်နဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး၊ မိခင်တိုင်း၊ ဖခင်တိုင်း၊ အမှန်တရားကို မြတ်နိုးတဲ့သူတိုင်း၊ နောက်ပြီးတော့ တရားမျှတမှုစိုးမိုးရေးအတွက် တဦးတယောက်စီတိုင်းမှာ တာဝန်ရှိတယ်လို့ ထင်လို့ ဒီဆန္ဒထုတ်ဖော်ပွဲကို လုပ်ရခြင်းဖြစ်ပါတယ်” ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်တဲ့ မစုရီအောင်က ပြောပါတယ်။
ဒီအမှုမှာ တရားဥပဒေစိုးမိုးရေးအတွက် အမှန်အတိုင်းဖြစ်စေချင်တယ်လို့ ဆန္ဒ ထုတ်ဖော်သူတဦးဖြစ်တဲ့ ကလေးမိခင် မထက်ထက်အောင်က ပြောပါတယ်။
ဒီကလေးရဲ့ ပြသနာအပေါ် တနိုင်ငံလုံးက စိတ်ဝင်စားမှု မြင့်တက်နေပြီး တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးမှု ရှိစေချင်တယ်လို့ ဆန္ဒထုတ်ဖော်သူ ကိုဘတင့်က ပြောပါတယ်။
နေပြည်တော်က လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့ ကလေးငယ်လေးရဲ့ ပြဿနာအပေါ် တနိုင်ငံလုံးက စိတ်ဝင်စားမှု မြင့်တက်နေပြီး မနေ့ကလည်း ရန်ကုန်နဲ့ တောင်ငူမြို့တို့မှာ တရားမျှတမှုရရှိဖို့ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာလည်း ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ကိုင်းမြို့က ဆန္ဒထုတ်ဖော်မှုမှာတော့ ကိုယ်ပိုင်ကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အစိုးရဝန်ထမ်းတွေ၊မြို့ခံတွေ အပါအဝင် ရာနဲ့ချီတဲ့ ဆန္ဒထုတ်ဖော်သူတွေက စစ်ကိုင်းမြို့ မြို့တော်ခန်းမရှေ့ကနေ ဗိုလ်ချုပ်ကြေးရုပ်ရှေ့အထိ တိတ်ဆိတ်စွာ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။
နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်က အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တယောက် မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ ရဲတပ်ဖွဲ့က သံသယနဲ့ ဖမ်းဆီးပြီး တရားစွဲဆိုထားပါတယ်။
No comments:
Post a Comment