မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “သေချာစိစစ်ပြီး ကျနော်တို့နိုင်ငံမှာ နေခဲ့တာမှန်တယ်၊ နောက်အရင် ၂၀၁၆၊ ၂၀၁၇ ဖြစ်စဉ်တွေမှာ အကြမ်းဖက်မှုထဲ မပါဘူးဆိုရင် ပြန်လည်လက်ခံပါတယ် သေချာ စိစစ်ပြီးတော့၊ အခုမြေပြင်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ ကျနော်တို့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း အစိုးချင်း G to G ချိတ်ပြီးမှ ပြန်ဝင်ရမှာပေါ့။ ဒါပေမဲ့ ဟိုဘက်မှာလည်း အခု ပြန်ဝင်ခဲ့တဲ့ အဖွဲ့တွေကို ကျနော်တို့ မေးမြန်းချက်အရ ဟိုဘက်မှာ ဒီဘက်ကို ပြန်ဝင်လို့ရတယ်ဆိုတဲ့ အချက်အလက်ကို မပေးဘူး။ သူတို့မသိဘူး၊ ဖောင်တွေဖြည့်ရမယ်ဆိုတာ မသိဘူး။ အဲသလို မသိဘဲဖြစ်နေတဲ့အတွက် ဒီဘက်မှာ ဆွေမျိုးသားချင်းရှိတဲ့လူတွေက ချိတ်ဆက်ပြီးတော့မှ ပြန်လည်ဝင်ရောက်ချင်ပါတယ် ဆိုပြီးတော့မှပြောလာလို့ ကျနော်တို့က သွားကြိုပေးရတဲ့ သူတွေရှိတယ်။ အခုလည်း ကျနော်တို့ ကို ပြန်ဝင်ချင်ပါတယ်ဆိုပြီး တင်ပြထားတာတွေရှိတယ် ကျနော်တို့ အစိုးရအဖွဲ့ကလည်း လက်ခံ ပါမယ်။ ဒါပေမယ့် ဘာတခုရှိနေလဲဆိုတော့ သူတို့ရဲ့လုံခြုံရေးရှိတယ်။ ဒီဘက်ကို လာတဲ့အချိန်မှာ ကြားထဲမှာ ပြန်သွားရင်သတ်မယ်ဆိုပြီးတော့မှ ARSA ခြိမ်းခြောက်မှုတွေရှိတယ်။ ဒါတွေကတော့ ပြန်ဝင်လာတဲ့ သူတွေပြောတာ”လို့ ပြောပါတယ်။
နောက်ထပ်ပြန်ဝင်လာဖို့ ဆက်သွယ်လာသူ ၂၀ လောက်ရှိတဲ့အကြောင်းနဲ့ ပြန်လာသူတွေ ထဲက နေအိမ်မပျက်စီးတဲ့ သူတွေကတော့ သူတို့မူလနေအိမ်တွေမှာ ပြန်လည်နေထိုင်ကြပြီး နေအိမ်ပျက်စီးသွားသူတွေက နီးစပ်ရာဆွေမျိုးများထံ နေရာချပေးထားရတယ်လို့လည်း ဆိုပါတယ်။
ပြန်ဝင်ရောက်လာသူတွေကို UEHRD ရဲ့လုပ်ငန်းစဉ်အရ မောင်တောခရိုင် အုပ်ချုပ်ရေးက အကြမ်းဖက်အဖွဲ့ဝင် စာရင်းမှာပါဝင်မှု ရှိမရှိ စိစစ်ကာ တဖက်နိုင်ငံသို့ ထွက်ခွာတဲ့ နေ့ရက်၊ နေထိုင်ခဲ့တဲ့နေရာ၊ လုပ်ကိုင်ခဲ့တဲ့ အလုပ်အကိုင်နဲ့ ပြန်လည် ၀င်ရောက်လာတဲ့ နေ့ရက်၊ နေရာတို့ကို စနစ်တကျစစ်ဆေးမေးမြန်းပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အချက်အလက် ကောက်ယူခဲ့ပါတယ်။
ပြန်လည်ဝင်ရောက်လာသူတွေအတွက် ကျန်းမာရေးဌာနက ကျန်းမာရေးစစ်ဆေးပေးတာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေနဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
၂၀၁၇ အကြမ်းဖက်မှုဖြစ်စဉ်တွေအပြီး ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းကနေ ဘင်္ဂါလီ ၆ သိန်းလောက်နဲ့ ဟိန္ဒူ ၄၄၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာ ထွက်သွားခဲ့ကြတာပါ။
No comments:
Post a Comment