
သင်တန်းဖွင့်ပွဲတွင် SEAOP မှ အကြီးတန်း မန်နေဂျာ မစ္စတာ Li Shu Wang နှင့် MSP မှ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းဆွေဦးတို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြသည်။
”ကျွန်တော်တို့ SEAOP/ SEAGP ကုမ္ဗဏီက အမြဲတန်း အဲဒီလို သင်ကြားပေးတာမျိုးတွေရှိတယ်။ ဒီကပေးတဲ့ သင်တန်းတွေကြောင့် ကျွန်တော်တို့ လက်တွေ run နေတဲ့ အင်ဂျင်တွေအကြောင်းကို ပိုသိသွားမယ်။ ပိုသိသွားတဲ့အတွက်ကြောင့် လုပ်ငန်းလည်ပတ်တဲ့နေရာမှာ ပိုပြီးတော့ အဆင်ပြေပြေဆောင်ရွက်နိုင်လာမှာပေါ့။ ပြီးတော့ ကျွန်တော်တို့ အခုသင်ကြခဲ့တာတွေကိုလဲ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ပြီးဖြန့်ဝေပေးမှာပါ”ဟု တက်ရောက်သင်ကြားခွင့်ရသော သင်တန်းသား ကိုမျိုးငြိမ်းကပြောပါသည်။ ကိုမျိုးငြိမ်းသည် SEAOP/ SEAGP ကုမ္ဗဏီတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော စက်မှု အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်သည်။ ယခု ဖွင့်လှစ်သည့် လေ့ကျင့်ရေး သင်တန်းမှာ ကုမ္ပဏီမှ ထူးချွန်မြန်မာဝန်ထမ်းအင်ဂျင်နီယာ ၄၅ ယောက်အား ရွေးချယ်ကာ Caterpillar အင်ဂျင်ဆိုင်ရာ ဗဟုသုတများကို နှစ်သုတ်ခွဲ၍ လေ့လာ သင်ကြားစေခြင်းဖြစ်သည်။ လေ့ကျင့်ရေးသင်တန်းပြီးသည့်နောက် သင်တန်းကာလ၀ယ် ထူးချွန်သည့် သင်တန်းသားများကို ကုမ္ပဏီမှ ထူးချွန်ဆုများ ထပ်မံချီးမြှင့်ဦးမည်ဖြစ်ကြောင်းသိရသည်။
“နိုင်ငံတကာ အသိအမှတ်ပြု ဆရာတွေက သင်ကြားပေးတာဖြစ်ပြီး၊ စာတွေ့အပြင် လက်တွေ့လေ့လာသင်ကြားရမှာတွေလဲပါဝင်ပါတယ်။ ပြီးရင် အင်းစိန်ရွာမမှာရှိတဲ့ Power Plant ကို သွားရောက်လေ့လာမယ့် အစီအစဉ်လဲပါဝင်ပါတယ်။ သင်တန်းကာလကတော့ သုံးရက်ပါ။ ပထမအသုတ် ၂၃ ယောက်ကို ၃ ရက်၊ ဒုတိယအသုတ် ၂၂ ယောက်ကိုလဲ ၃ ရက်ပါပဲ။ ပြည်တွင်းမှာ ဒီလိုသင်တန်းမျိုးက အင်မတန်ရှားပါတယ်။ နိုင်ငံတကာအဆင့်ရှိတဲ့ qualify ရှိတဲ့ သင်ကြားမှုတွေကို သူတို့ရကြမှာဖြစ်ပါတယ်”ဟု MSP ကုမ္ဗဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းဆွေဦးက ပြောသည်။
SEAOP/SEAGP ကုမ္ပဏီသည် မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီ ဖြစ်သည်။ ကုမ္ပဏီတွင် မြန်မာနိုင်ငံသား လုပ်သားဦးရေ စုစုပေါင်း ၈၄၃ ယောက်ရှိပြီး ယင်းဦးရေသည် ကုမ္ပဏီဝန်ထမ်းအားလုံး၏ ၇၂ရာခိုင်နှုန်း ဖြစ်သည်။ ၎င်းတို့အနက် SEAOP(ရေနံစိမ်းပိုက်လိုင်း)ကုမ္ပဏီ မြန်မာနိုင်ငံသားဝန်ထမ်း စုစုပေါင်း ၂၃၃ ယောက်ရှိပြီး SEAGP(သဘာဝဓာတ်ငွေ့ပိုက်လိုင်း)ကုမ္ပဏီတွင်မူ ၆၁၀ ယောက် ရှိသည်။ အထွေထွေစီမံခန့်ခွဲမှု၊ နည်းပညာကျွမ်းကျင်မှုနှင့် တတ်ကျွမ်းမှုကဏ္ဍဆိုင်ရာ မြန်မာနိုင်ငံသားဝန်ထမ်း ၄၆၉ ယောက်ဖြစ်ပြီး၊ ပံ့ပိုးဝန်ဆောင်မှုကဏ္ဍဆိုင်ရာ မြန်မာနိုင်ငံသားဝန်ထမ်း ၃၇၄ ယောက်ဖြစ်သည်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ၂၀၁၃ခုနှစ်တွင် စတင်လည်ပတ်ပြီး ရေနံစိမ်းပိုက်လိုင်းမှာမူ ၂၀၁၇ခုနှစ်မှာ စတင်လည်ပတ်သည်။ ထိုပိုက်လိုင်းနှစ်လိုင်း ကောင်းမွန်စွာ လည်ပတ်နိုင်ရသည့် အဓိကအကြောင်းရင်းမှာ ထူးချွန်ကျွမ်းကျင်သည့် ဒေသခံဝန်ထမ်း အဖွဲ့တို့၏ ကြိုးပမ်းအားထုတ်မှုကြောင့်ပင် ဖြစ်ပါသည်။ ကုမ္ပဏီသည် ဝန်ထမ်းပြုစုပျိုးထောင်မှုအပိုင်းကို အထူးအလေးပေးသောကြောင့် သက်ဆိုင်ရာ လေ့ကျင့်မှုများ သင်တန်းများပေးကာ ၀န်ထမ်းများကို ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်းသိရသည်။
No comments:
Post a Comment