
ထိုအထိမ်းအမှတ်နေ့အတွက် ဆင်နွှဲမှုများတွင် အဆင့်မြင့် လေဆိပ်ကို ဖွင့်လှစ်မှုနှင့်အတူ သမ္မတ ရှီကျင်ပင်းက ပေကျင်းမြို့ လယ်တစ်လျှောက် ဧရာမစစ်ရေးပြမှုကို စစ်ဆေးကြည့်ရှုမည် ဖြစ်သည်။
တီယန်မင်ရင်ပြင် တောင်ဘက်မှ ၄၆ ကီလိုမီတာအကွာရှိ ထိုလေဆိပ်သစ်တွင် လေယာဉ်ပြေးလမ်း လေးခု ပါဝင်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၌ အပြည့်အဝ လည်ပတ်မည် ဖြစ်ကာ နှစ်စဉ် ခရီးသွား ၇၂ သန်းအထိ လက်ခံနိုင်ရန် အလားအလာ ရှိနေသည်။
အကြီးဆုံး လေကြောင်းဈေးကွက်
၂၀၄၀ ပြည့်နှစ် မတိုင်မီ ထိုလေဆိပ်သစ်တွင် စစ်ဘက် အသုံးပြုရန်အတွက် ပြေးလမ်းတစ်ခု အပါအဝင် ပြေးလမ်း ရှစ်ခုအထိ တိုးချဲ့ရန် စီစဉ်ထားပြီး နှစ်စဉ် ခရီးသွား သန်း ၁၀ဝ အထိ လက်ခံနိုင်ရန် မျှော်မှန်းထားရာ လေဆိပ်ခန်းမ တစ်ခုတည်းသို့ ခရီးသွားဝင်ရောက်မှုနှုန်းနှင့် တွက်ပါက ကမ္ဘာတွင် အကြီးမားဆုံး ဖြစ်လာမည် ဖြစ်ကြောင်း လေဆိပ် ဒီဇိုင်းဆွဲသူများက ပြောကြားခဲ့ကြသည်။
အမေရိကန်ရှိ အတ္တလန္တာလေဆိပ်တွင် လတ်တလော၌ ခရီးသွား သန်း ၁၀ဝ ကျော် အား လက်ခံနိုင်သော်လည်း ခန်းမဆောင် နှစ်ခု အသုံးပြုနေခြင်း ဖြစ်သည်။
ကမ္ဘာတွင် ဒုတိယမြောက် အကြီးမားဆုံး ဖြစ်လာမည့် လက်ရှိ ပေကျင်း တာရှင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်က လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်နေပြီး နှစ်စဉ် ခရီးသွား သန်း ၁၀ဝ ကျော်နေပြီ ဖြစ်သည်။
တရုတ်တွင် လူနေမှု အဆင့်အတန်းနှင့် ခရီးသွားရန် ဆန္ဒပြင်းပြမှု မြင့်တက်လာစဉ် လေကြောင်းဖြင့် ခရီးသွားလာမှုသည် တစ်ရှိန်ထိုး မြင့်တက်ခဲ့သည်။ တရုတ်သည် ၂၀၂၀ ပြည့်လွန်နှစ်များအလယ် မတိုင်မီ ကမ္ဘာ့အကြီးဆုံး လေကြောင်းဈေးကွက် ဖြစ်လာမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေးအဖွဲ့ (IATA) က ခန့်မှန်းခဲ့ သည်။ တရုတ်တွင်၂၀၃၇ ခုနှစ်မှစ၍ နှစ်စဉ် လေကြောင်းခရီးစဉ် ၁.၆ ဘီလျံ ရှိလာမည် ဖြစ်ပြီး ၂၀၁၇ ခုနှစ်ကထက် တစ်ဘီလျံကျော် ပိုမိုများပြားမည် ဖြစ်ကြောင်း IATA က ခန့် မှန်းခဲ့သည်။
လူဦးရေ ၂၁ သန်းရှိသော ပေကျင်းတွင် ၂၀၂၅ ခုနှစ်၌ လေဆိပ် နှစ်ခုအကြား ခရီးသွား သန်း ၁၇၀ အထိ လက်ခံရမည်ဟုလည်း ခန့်မှန်းထားကြသည်။
ဘောလုံးကွင်း ၁၀ဝ စာ အကျယ်အဝန်း
ဘောလုံးကွင်း ၁၀ဝ ခန့်၏ အကျယ်အဝန်းဖြစ်သော စတုရန်းမီတာ ၇၀ဝ၀ဝ၀ ရှိသော ထိုလေဆိပ်သစ်သည် ကမ္ဘာတွင် အကြီးမားဆုံး လေဆိပ်ခန်းမဆောင်များအနက် တစ်ခု အပါအဝင် ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သော ဗြိတိန်- အီရတ် ဗိသုကာပညာရှင် ဇာဟာဟာဒက်က Aeroportsde Paris နှင့်ပူးပေါင်းလျက် ထိုလေဆိပ်အား ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။
ထိုလေဆိပ်သစ် ခန်းမဆောင်အောက်တွင် ဘူတာရုံ တစ်ရုံနှင့် မြေအောက် ရထားလမ်းရှိပြီး မြို့ထဲသို့ မိနစ် ၂၀ ဝန်းကျင်ဖြင့် ရောက်ရှိနိုင်သည်။ ရထားလမ်းနှင့် ကားလမ်းများအား လေဆိပ်သစ်နှင့် ချိတ်ဆက်မှုကိုပါ ထည့်သွင်း တွက်ချက်ပါက ထိုစီမံကိန်း ကုန်ကျစရိတ်သည် ယွမ်ဘီလျံ ၁၂၀ (ဒေါ်လာ ၁၇.၅ ဘီလျံ) ရှိမည်ဖြစ်သည်။
No comments:
Post a Comment