
မော်ဒယ် မာဟန်ကီလာ၏ စွပ်စွဲမှု ထွက်ပေါ်လာခဲ့ပြီးနောက် အီဂျစ်ဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည့် အီဂျစ်လက်ရွေးစင်အသင်းတွင် ပါဝင်ရွေးချယ်ခြင်းခံထားရသူ အာမာဝါဒါအား အသင်းအခြေစိုက်စခန်းမှ ဖယ်ရှားထွက်ခွာစေခဲ့သည်။
သို့သော် လည်း အာမာဝါဒါက မော်ဒယ် ကီလာထံသို့ အဆိုပါ မက်ဆေ့ရှ်များ ပေးပို့ခဲ့ကြောင်း ၀န်ခံခဲ့ပြီးနောက် အီဂျစ် ဘောလုံးအဖွဲ့ချုပ်သည် အာမာဝါဒါအား နိုင်ငံအသင်းသို့ ပြန်လည်ခေါ်ယူခဲ့သည်။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အာမာဝါဒါအား အသင်းမှ ဖယ်ရှားချိန်တွင် အာမာဝါဒါ၏ အီဂျစ်အသင်းကစားဖော် တိုက်စစ်မှူး မိုဟာမက်ဆာလက်က အာမာဝါဒါအား ယခုကဲ့သို့ ချက်ချင်းဖယ်ထုတ်ခြင်းမပြုဘဲ ဒုတိယအကြိမ် အခွင့်အရေးပေးသင့်သည်ဟု ၎င်း၏ လူမှုရေးစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
လီဗာပူးကစားသမား ဆာလက်က နောက်ပိုင်းတွင် အမျိုးသမီးများအပေါ် အစွမ်းကုန် အလေးထားရမည်ဖြစ်ကြောင်း ထပ်မံရေးသား ဖော်ပြခဲ့သည်။ The Mirror သတင်းစာနှင့် တွေ့ဆုံရာတွင် မော်ဒယ် မီဟန်ကီလာက “အီဂျစ်မှာတော့ ဆာလက်ကို ဘုရားသခင်လို သတ်မှတ်နေကြပါတယ်။ အဲဒါက တကယ်ပါပဲ။ အီဂျစ်ပြည်သူတွေဟာ ဆာလက်ကို ဘောလုံးသမားတစ်ဦးလို သတ်မှတ်ထားတာမျိုးမဟုတ်ဘဲ ဘုရားသခင်လိုကို သတ်မှတ်ထားတာပါ။ ဆာလက် ဟာ အမှားမလုပ်နိုင်ဘူးလို့လည်း ယူဆထားကြတယ်။ ဒါက ကျွန်မအတွက် အန္တရာယ်ပါပဲ။ အခုဆိုရင် ကျွန်မ အနေနဲ့ မိသားစုဆီ သွားချင်တယ်ဆိုရင်တောင် အီဂျစ်နိုင်ငံကို သွားဖို့ မ၀ံ့ရဲပါဘူး။ အီဂျစ်နိုင်ငံက လူတွေက ကျွန်မကို လမ်းပေါ်မှာတင် တိုက်ခိုက်ရိုက်နှက်လာကြနိုင်ပါတယ်။ ဘောလုံးပရိသတ်တွေက ဘယ်လိုဆိုတာ ရှင်တို့ သိကြမှာပါ။ အီဂျစ်ဘောလုံးပရိသတ်တွေက အဲဒါထက် အဆ ၁၀၀ ပိုဆိုးပါတယ်။ ဆာလက်ဟာ လက်ရှိ အချိန်မှာ ကမ္ဘာပေါ်က ထင်ရှားသူတွေအနက် တစ်ဦးအဖြစ် ပါဝင်နေပါတယ်။ ဒါက ကျွန်မအတွက် သောကရောက်စေတယ်”ဟု ပြောဆိုခဲ့သည်။
No comments:
Post a Comment