Saturday, May 25, 2019

ရန်ကုန်- ဆိပ်ကြီးခနောင်တို သမ္ဗာန်စီးခ လက်မှတ်စနစ် ဇွန်လကစပြီး ပြောင်းလဲမည်

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ကို ရန်ကုန်ဝါးတန်းဆိပ်ကမ်းကနေ ပြေးဆွဲနေတဲ့ သမ္ဗာန်စီးခတွေ ဇွန် ၁ ရက်နေ့ကစပြီး လက်မှတ်စနစ်နဲ့ စတင်ပြောင်းလဲတော့မယ်လို့ ရွှေရန်ကုန်စက်တက်ယာဉ်လိုင်းအသင်းက ပြောပါတယ်။ ဆိပ်ကြီးခနောင်တိုနဲ့ ရန်ကုန်ကို ပြေးဆွဲနေတဲ့ စက်လှေတွေကို စီးနင်းတဲ့ ပြည်သူတွေဟာ အရင်က လက်ငင်းငွေချေစနစ်နဲ့ သမ္ဗာန်မောင်းတဲ့သူတွေကို တိုက်ရိုက်ပေးစီးနင်းရတာဖြစ်ပြီး အဲဒီလိုပေးစီးရာမှာ ငွေအကြွေပြဿနာ၊ သမ္ဗာန်မောင်းသူတွေဟာ ရေလည်မှာစက်ရပ်ပြီး ပိုက်ဆံကောက်ခံတာတွေကြောင့် အခုလိုစနစ် ပြောင်းလဲရတာလို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။



“ခရီးသည်တွေဘက်ကလည်း စီးနင်းခကို မေ့ပြီးမပေးတာတွေရှိတယ်၊ မောင်းတဲ့သူကလည်း ပိုက်ဆံမပြည့်တော့ စက်ရပ်ပြီး ပိုက်ဆံကောက်တာတွေရှိတယ်။ ဒါတွေကို မကျေနပ်တဲ့ ခရီးသည်တွေက ဖေ့စ်ဘွတ်ခ်ပေါ်မှာရေးတာတွေလည်း ရှိလာတော အခုလို စနစ် ပြောင်းလဲဖို့စီစဉ်လိုက်တာ၊ အခုစနစ်သစ်မှာတော့ ဒီပြသနာတွေ လျော့သွားနိုင်တယ်” လို့ ယာဉ်လိုင်းကြီးကြပ်ရေးမှူး ကိုကျော်ခိုင်က ပြောပါတယ်။

စီးနင်းခလက်မှတ်ကိုတော့ လူတယောက် ၂၀၀ ကျပ်နှုန်းနဲ့ အရင်စီးနင်းခအတိုင်း ရောင်းချပေးသွားမှာဖြစ်ပြီး လက်မှတ်ကိုတော့ မနက် ၆ နာရီကနေ ည ၈ နာရီအထိ လက်မှတ်ရောင်းတဲ့ ဂိတ်တွေမှာ ရောင်းချပေးသွားမှာပါ။

အခုလိုလက်မှတ်စနစ် ပြောင်းလဲမှာနဲ့ ပတ်သက်ပြီး စီးနင်းတဲ့ ခရီးသည်တွေရဲ့ သဘောထားကို ဒီဗွီဘီက လိုက်လံမေးမြန်းရာမှာတော့ ခရီးသည်အများစုက ပြောင်းလဲမဲ့စနစ်ကို လက်ခံကြိုဆိုကြောင်း ပြောဆိုကြပါတယ်။

“ဒီလက်မှတ်စနစ် ပြောင်းလဲမှာကို သဘောကျတယ်။ အခြားဆိပ်ကမ်းက သမ္ဗာန်ဆိပ်တွေမှာ လက်မှတ်စနစ်ကို လုပ်နေတာ ကြာနေပြီ။ ဒီဘက်မှာလည်း အစကတည်းက ဒီစနစ်ကို လုပ်သင့်တာ၊ တချို့ခရီးသည်တွေ စီးနင်းခမပေးတော့ ရေလယ်မှာ သမ္ဗာန်တွေကို ရပ်ပြီး ပိုက်ဆံကောက်တော့ မကြာသင်တဲ့အချိန်ကို ပိုကြာစေတယ်၊ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်တာပေါ့” လို့ နေ့စဉ် သမ္ဗာန်စီးနေတဲ့ ခရီးသည် ဒေါ်တင်တင်က ပြောပါတယ်။

ရန်ကုန်ဝါးတန်း-ဆိပ်ကြီး ပြေးဆွဲနေတဲ့ သမ္ဗာန်ယာဉ်လိုင်းမှာ သမ္ဗာန်နှစ်မျိုးရှိပြီး ၁၅ ယောက်စီး သမ္ဗာန်အသေးစင်းလုံးကို ၂၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ သမ္ဗာန်မောင်းသူတွေကိုတော့ ရောင်းရတဲ့ လက်မှတ်ပေါ်မူတည်ပြီး လက်မှတ်နဲ့ပဲ ငွေပြန်ရှင်းပေးသွားမှာဖြစ်ပြီး ယာဉ်လိုင်းမှာတော့ အသေးအကြီး စုစုပေါင်း အစီး ၁၇၀ ရှီပါတယ်။

၂၀၁၄ ခုနှစ် သန်ခေါင်စာရင်းအရ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ လူဦးရေ ၃ သောင်းခွဲကျော်နေထိုင်ပြီး နေ့စဉ် လူဦးရေ ၂ သောင်းကျော်ဟာ ရန်ကုန်ဘက်ကို သမ္ဗာန်စီးနင်း သွားလာနေကြပါတယ်။

No comments:

Post a Comment