Saturday, May 25, 2019

မြန်မာ့ဆန် နယ်စပ်မှ တရုတ်သို့တင်ပို့မှု ရပ်ဆိုင်းလုနီး

မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ နယ်စပ်မှ တင်ပို့မှုမှာ ရပ်ဆိုင်းလုနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဦးရဲမင်းအောင် က The Voice Journal သို့ ပြောကြားသည်။ ပြီးခဲ့သည့်လ အနည်းငယ်အတွင်းမှစ၍ မူဆယ်ကုန်သည်များ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် ခက်ခဲလျက်ရှိပြီး မြန်မာဘက်က တင်ပို့မှုများကို တရုတ်နိုင်ငံဘက်က တရားမဝင်ကုန်သွယ်မှုနှိမ်နင်းရေး စီမံချက်အရ ဖမ်းဆီးလျက်ရှိသည်။



မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် မြန်မာဘက်က တရားဝင်တင်ပို့သော်လည်း တရုတ်နိုင်ငံကမှ တရားမဝင်အဖြစ်သာ သတ်မှတ်ထားပြီး ကုန်သည်ချင်းနားလည်မှုဖြင့် တင်ပို့လျက်ရှိခြင်း ဖြစ်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။

ဆန်တင်ပို့ရန် အခက်အခဲတွေ့နေရသောကြောင့် မူဆယ်ကုန်သည်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံသို့ လာရောက်အကူအညီတောင်းခံမှုများပင်ရှိသည်။

“လက်ရှိမှာတော့ နယ်စပ်ကနေပြီး တရုတ်နိုင်ငံကို တင်ပို့ရောင်းချတဲ့ လုပ်ငန်းက တော်တော်ကြီးကို လျော့ကျပြီးတော့ ရပ်ဆိုင်းတဲ့ အနေထားနီးပါးလောက် ဖြစ်နေတာပေါ့။ အနည်းအကျဉ်းပဲ နယ်စပ်က တင်ပို့နိုင်တဲ့ အနေအထား ရှိတယ်ပေါ့” ဟု ဦးရဲမင်းအောင်က ဆိုသည်။

လက်ရှိကာလသည် အနယ်နယ်အရပ်ရပ်မှ စပါးများပေါ်လာပြီး ရောင်းလိုအားများကာ ဝယ်လိုအား နည်းလျက်ရှိခြင်း၊ လျှပ်စစ်မီးပြတ်ခြင်းကြောင့် စပါးများဆန်စက်များတွင် စုပုံနေခြင်းနှင့် တရုတ်မှ နယ်စပ်အဝယ် မရှိခြင်း စသည့် အခြေအနေဆိုးများကို ကြုံတွေ့နေရကြောင်း ဦးရဲမင်းအောင်က ရှင်းပြသည်။

ပြည်ပပို့ မြန်မာ့ဆန်တင်ပို့မှု၏ ထက်ဝက်ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ရသည်ဖြစ်ရာ ယခုကဲ့သို့ အခြေအနေသည် မြန်မာဆန်လောကအတွက် အခက်အခဲပင်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းသို့သော အခြေအနေများ၏ အကျိုးဆက်ကြောင့် ပြည်တွင်း၌ ဆန်များပုံလျက်ရှိကာ ပြည်တွင်းစပါးဈေးလည်းမှာလည်း အခြေခံစပါးဈေးနှုန်း ဖြစ်သည့် ကျပ်ငါးသိန်းအောက်ရောက်လျက်ရှိပြီး တောင်သူများလည်း အခက်တွေ့လျက်ရှိကြောင်း ဆန်ကုန်သည်များက ဆိုသည်။

အခြေခံစပါးဈေးသတ်မှတ်ချက်အရ စပါးတင်း ၁၀၀ ကျပ် ငါးသိန်းပေး ဝယ်ယူရမည့် စပါးများမှာလည်း အစိုးရနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က ဝယ်ယူရန် မစွမ်းနိုင်သည်အထိ ကြီးမားသည့် ပမာဏ ဖြစ်ကြောင်း ဦးရဲမင်းအောင်က ဆိုသည်။

တရုတ်နယ်စပ်မှ ဆန်တင်ပို့ခွင့်မရသော်လည်း တရားဝင်လမ်းကြောင်းဖြစ်သည့် ရေကြောင်းမှ တင်ပို့ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံ၏ ဧပြီလ ၂၄ ရက် တရုတ်ခရီးစဉ်တွင် နှစ်ဖက်ခေါင်းဆောင်ချင်း သဘောတူညီမှုဖြင့် တရုတ်သို့ Quota စနစ်ဖြင့် ဆန်တန်ချိန်တစ်သိန်းတင်ပို့ခွင့် ရရှိထားပြီ ဖြစ်သည်။

တရုတ်နိုင်ငံသည် Quota ဖြင့် ဆန်တန်ချိန်ငါးသန်းခန့် ဝယ်ယူလျက်ရှိပြီး မြန်မာနိုင်ငံသည် အဆိုပါ ဆန်တန်ချိန်ထက်ပိုများသော Quota ရရှိရေး ကြိုးစားလျက်ရှိသည်ဟု ဦးရဲမင်းအောင်က ရှင်းပြသည်။

လက်ရှိတွင် နယ်စပ်မှ ရောင်းဝယ်မှုသည် ယူနန်ပြည်နယ်အတွင်းရှိ ကုမ္ပဏီကြီးများနှင့် တိုက်ရိုက်ချိတ်ဆက်ရောင်းဝယ်ခြင်း မဟုတ်ဘဲ အဝယ်တော်များထံသို့ တစ်ဆင့်ရောင်းချခြင်းဖြစ်ရာ အာမခံချက်နည်းသောကြောင့် ကုမ္ပဏီများထံ တိုက်ရိုက်ရောင်းချနိုင်ရေး ကြိုးစားလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

No comments:

Post a Comment