Saturday, May 25, 2019

ကောင်းဆက်နိုင်ကို စစ်ကိုင်းယူနိုက်တက် ခေါ်ယူ

ယခုရာသီတွင် ပုံစံကောင်းပြသနေသည့် မြန်မာလိဂ်ကလပ် စစ်ကိုင်းအသင်းသည် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ကောင်းဆက်နိုင်ကို ရာသီဝက်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီ ထားကြောင်း အသင်းတာဝန်ရှိသူ တစ်ဦးက အတည်ပြုသည်။ အသက်(၂၆)နှစ် အရွယ် ကောင်းဆက်နိုင်သည် ရန်ကုန် လူငယ်အသင်းမှ ပေါ်ထွက်လာသည့်ကစားသမားဖြစ်ပြီး ၂၀၁၆ ဘောလုံးရာသီက ရန်ကုန်အသင်းမှ ထိုင်းကလပ် ဆာမက်ဆာခွန် အသင်းသို့ ခုနစ်လ အငှားစာချုပ်ဖြင့် သွားရောက် ကစားခဲ့သည်။



ထို့အပြင် ကောင်းဆက်နိုင် သည် ၂၀၁၈ ဘောလုံးရာသီတွင် ဆာမက်ဆာခွန်အသင်း၌ တစ်နှစ်စာချုပ်ဖြင့် ထပ်မံကစားခဲ့ပြီး ယခုနှစ်၌  စာချုပ်သက်တမ်း တိုးမြှင့် ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ကြိုးစားမှုအား ကောင်းမွန်သည့် စစ်ကိုင်းအသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ကောင်းဆက်နိုင်က ပြောသည်။  ‘‘အဓိကကတော့ စစ်ကိုင်းအသင်းက ခြေစွမ်းကောင်းတယ်။ ကြိုးစားမှု အားကောင်းတယ်။ အသင်းကလည်း ကျွန်တော့်ကို နွေးနွေးထွေးထွေးကမ်းလှမ်းတဲ့ အတွက်ကြောင့်မို့ လက်ခံဖြစ်တာ ပါ။ သူတို့အသင်းက အခု မုံရွာရောက်နေတဲ့အတွက် ရန်ကုန်ပြန်လာဖြစ်တာနဲ့ အသင်းနဲ့ စပြီး ပူးပေါင်းသွားမှာပါ’’ဟု ၎င်းကဆို သည်။

စစ်ကိုင်းအသင်းသည် လက်ရှိတွင် အမှတ်ပေးပြိုင်ပွဲ၌ ပုံစံကောင်းပြသနိုင်သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင် ပွဲတွင် ရတနာပုံအသင်းကို အနိုင် ရပြီး  အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့သည်။  ထို့ကြောင့်စစ်ကိုင်းအသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲနှင့် မြန်မာလိဂ် ဒုတိယ အကျော့အတွက် ဆာမတ်ဆာခွန် ကစားသမားဟောင်း ကောင်းဆက်နိုင်ကို အားဖြည့်ခေါ်ယူခဲ့ကြောင်း အသင်းတာဝန်ရှိ သူက ဆိုသည်။  စစ်ကိုင်းအသင်းသည် မေလ၂၆ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲ ပထမအကျော့အဖြစ် ရန်ကုန်အသင်းကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ရမည် ဖြစ်သည်။ စစ်ကိုင်းအသင်းသည် မြန်မာနေရှင်နယ်လိဂ် ပထမအ ကျော့အပြီးတွင် ရမှတ် ၁၉ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၅)နေရာ၌ ရပ်တည်နေသည်။

No comments:

Post a Comment