Saturday, May 25, 2019

မုံရွာမြို့နယ်တွင်းရှိ စာသင်ကျောင်းနှစ်ကျောင်းတွင် Save Monywa အဖွဲ့က အရိပ်ရအပင်များ မကြာမီ စတင်စိုက်ပျိုးပေးမည်

မုံရွာမြို့မှ လူငယ်များစုပေါင်းဖွဲ့စည်းထားသော Save Monywa အဖွဲ့က မုံရွာမြို့နယ် အောင်သာကျေးရွာရှိ အလယ်တန်းကျောင်းနှင့် မုံရွာ အိုးဘိုးတောင်ရပ်ကွက်ရှိ အထက်တန်းကျောင်းခွဲတို့တွင် အရိပ်ရအပင်များ သွားရောက်စိုက်ပျိုးပေးတော့မည်ဖြစ်ကြောင်းသိရသည်။ လာမည့် ဇွန်လ ၁၂ ရက်နေ့တွင် ထိုသို့သွားရောက်စိုက်ပျိုးပေးမည်ဖြစ်ပြီး စိုက်ပျိုးရန်မြေနေရာ၊ မြေသားအခြေအနေ စသည်တို့ကို ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီးဖြစ်သည်။



မုံရွာမြို့နေ ဒေသခံပြည်သူများအနေဖြင့် မိမိတို့နေအိမ်များ ရပ်ကွက်များတွင် အရိပ်ရအပင်များစိုက်ပျိုးလိုပါက မုံရွာဒေသခံလူငယ်များစုပေါင်းဖွဲ့စည်းထားသည့် Save Monywa အဖွဲ့က သစ်ပင်များကို အိမ်တိုင်ရာရောက် အခမဲ့လာရောက်စိုက်ပျိုးပေးသွားမည်ဖြစ်သည်။

”သစ်ပင်ချစ်သူတွေ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းချင်သူတွေနဲ့ စုပေါင်းပြီး ဖွဲ့လိုက်တာပါ။ အဓိကက အညာဘက်မှာ တစ်နှစ်ထက် တစ်နှစ် ပိုပို ပူလာတဲ့အတွက် သစ်ပင်တွေ ကို သေချာစိုက်မှဖြစ်တော့မယ် ဆိုပြီး အိမ်တွေမှာ လိုက်စိုက်ပေးတော့၊ အပင်စိုက်ချင်သူတွေလည်း လွယ်လွယ်ကူကူ စိုက်လို့ရသွားတာပေါ့။ ပြီးတော့ကာ ကိုယ့်အိမ်ဝင်းခြံဝင်းထဲက အပင်တွေကို အိမ်ရှင် ခြံရှင်တွေကပဲ ဆက်ပြီး ထိန်းသိမ်းသွားကြရမှာဆိုတော့ စိုက်ထားပြီးသားအပင်တွေကိုလဲ ထိန်းသိမ်းပြီးသားဖြစ်သွားတာပေါ့”ဟု Save Monywa အဖွဲ့မှ ကိုအောင်နေမျိုးကပြောသည်။

”Save Monywa အဖွဲ့က စနေ တနင်္ဂ နွေ အပတ် တိုင်းအပင်စိုက်မယ့်ရပ်ကွက်မှာ survey အရင်သွားကောက်ပါတယ်။ အပင်စိုက်ချင်တဲ့ဆန္ဒရှိ မရှိနဲ့ အပင်တွေကို ရေလောင်းပေးနိုင်မလား အဓိကမေးပါတယ်။ ကျန်တာအကုန် အဖွဲ့ကတာဝန်ယူလုပ်ပေးပါတယ်။ အရိပ်ရအပင်တွေပဲ ပေးတာပါ အလှစိုက်အပင်တွေ မရပါဘူး။ ဝါးပင် အမျိုးမျိုးလည်း ရပါတယ်။ survey ကောက်ပြီးရင် နောက်တစ်ပတ်မှာ ကျင်းတူးပြီးတော့ မြေဆွေးထည့် ရေလောင်းပြီးနှပ်ထားပါတယ်။ နောက်တစ်ပတ်ကျမှ အပင်ကိုစိုက်ပါတယ်။ အပင်စိုက်ပြီးရင် အပတ်စဉ် လိုက်ပြီး စစ်ဆေးဖို့ အဖွဲ့ဖွဲ့ထားပါတယ်။ သေသွားတဲ့အပင်ရှိရင်လဲ အစားပြန်စိုက်ပေးပါတယ်”ဟုလည်း သူကရှင်းပြသည်။

Save Monywa အဖွဲ့ကို လူငယ် ၁၅ ဦးနှင့် စတင်ဖွဲ့စည်းထားပြီး၊ လာမည့် မိုးမကျမီတွင် အပင်များကို စတင်စိုက်ပျိုးပေးသွားမည်ဖြစ်သည်။ ယင်းအဖွဲ့၏ အဓိကရည်မှန်းချက်မှာ အပင်များကိုလည်းစိုက်ရင်း လက်ရှိ ရှိပြီးသားအပင်များကို မခုတ်စေရန်ကိုလည်း ကာကွယ်သွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်မူ Save Monywa အဖွဲ့အနေဖြင့် ပျိုးပင်များကို စုဆောင်းပျိုးထောင်ခြင်း၊ သစ်ပင်စိုက်ရန်အတွက် မြေတူးစက်ငယ်ဝယ်ယူခြင်းတို့ကို ပြုလုပ်ပြီးစီးပြီဖြစ်ကြာင်းသိရသည်။

No comments:

Post a Comment