Saturday, May 25, 2019

ရပ်ကွက်လေးရဲ့ မဟာစီမံကိန်း

မန္တလေးတိုင်း ဒေသကြီး မြင်းခြံ ခရိုင် တောင်သာမြို့မှာ ရပ်ကွက်လေးတစ်ခုရှိပါတယ်။ ရပ်ကွက်ဆိုတဲ့အ တိုင်း အိမ်ခြေစုစုပေါင်းမှ ၆၀ သာသာရှိတဲ့ ရပ်ကွက်သေးသေးလေးတစ်ခုပါ။ အဲဒီရပ်ကွက်လေးဟာ အခုလာမယ့် ဇွန်လ ၁ ရက်ကစလို့ စီမံကိန်းကြီးတစ်ခု စတင် အကောင်အထည်ဖော်ကြဖို့ ရပ်ကွက်သူရပ်ကွက်သားတွေ တိုင်ပင်ထားပါတယ်။ အားလုံးက လည်း သဘောတူလက်ခံလို့ မကြာခင် အဲဒီစီမံကိန်းကြီး စတော့ မှာပါ။ အဲဒီစီမံကိန်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မပါဘူး။ စီမံကိန်းက ရေတိုမဟုတ်ဘူး၊ ရေရှည်ပါ။ ဘယ်လောက်ရှည်သလဲ ဆိုတော့ ရှစ်နှစ်ကြီးများတောင် ကြာမှာပါ။ ရှစ်နှစ်ကြာမယ့် ရပ် ကွက်ကလေးရဲ့ စီမံကိန်း... ဘာ များပါလိမ့်။



အဲဒီ ရပ်ကွက်ကလေးနာ မည်က ဆယ်စုရပ်လို့ ခေါ်ပါတယ်။ တောင်သာမြို့ အမှတ်(၆)ရပ်ကွက် မင်းစုရပ်ထဲမှာပါတဲ့ ရပ်ကွက်သေးသေးလေး တစ်ခုပါ။ အရင်ကတော့ ဆယ်စုရွာပါ။ မြို့နယ်နိမိတ်ချဲ့တော့ ရွာကနေ ရပ်ကွက် ပြောင်းလဲခဲ့တယ်။ တောင်သာမြို့နယ်ဟာ မိုးခေါင်တော့ တောင်သူလုပ်ငန်းမဖြစ် ထွန်းဘူး။ ဒါကြောင့် ဆယ်စုရပ်ကွက်လေးမှာ နေထိုင်သူတွေဟာ လက်လုပ်လက်စား လူတန်းစား တွေနေတာ များတယ်။ ပြောချင် တာက လူချမ်းသာတွေ မရှိဘူး ပေါ့။

ဆယ်စုရပ်ကွက်လေးက ရပ်ကွက်သူ၊ ရပ်ကွက်သားတွေဟာ လူတွေကသာ မချမ်းသာတာ လူမှုရေးအရာမှာတော့ ချမ်းသာတယ်လို့ ဆိုရမှာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပေါ့။ ဆယ်စုရပ်ကွက်လေးကို လျှပ်စစ်မီးရဖို့ ဖန်လာ တယ်။ ရပ်ကွက်ထဲက ၁၇ အိမ် လောက် မီတာတွေကျတယ်။ မီးကြိုးနဲ့ မီးတိုင်တွေက ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ရမယ်တဲ့။ မီတာတပ်မယ့် အိမ်တွေကတော့ များများထည့်ရတယ်။ သို့ပေမဲ့ တခြားကျန်တဲ့ အိမ်တွေက ငါတို့အိမ်တပ်မှာမှ မဟုတ်တာဆိုပြီး မီးကြိုးသွယ်မယ့်ကိစ္စ ရှောင်လွှဲ မနေခဲ့ဘူး။ သူတို့သဘောက ငါတို့အိမ် မလင်းသေးတောင် လမ်းမီး လေးတော့ လင်းတော့မယ်၊ ငါတို့ဝိုင်းကြ၀န်းကြမယ်ပေါ့။ တစ်အိမ်တစ်အိမ် ကိုယ်တတ်နိုင်သလောက် ငါးထောင်၊ တစ်သောင်းထည့်ပြီး ရပ်ကွက်ကလေး မီးရရှိရေး အကောင်အထည်ဖော်ကြ တယ်။

မီးတိုင်အတွက် ရှားတိုင်တွေ ကို ဘေးနားက အခင်းရှင်တွေဆီ ကနေ အလှူခံလိုက်တယ်။ ရွာကအားလုံးထည့်ဝင်တဲ့ ငွေထဲကနေ မီးကြိုးတွေ၊ ကြွေသီးခုံတွေ ၀ယ်ကြတယ်။ မြေကျင်းတူးတဲ့လူကတူး၊ တိုင်သယ်သူကသယ် မနားမနေ လုပ်ကြတယ်။ မီးတိုင်ထူတော့လည်း တစ်ရပ်ကွက်လုံး တဟေးဟေးနဲ့ တပျော်တပါး ထူကြတယ်။ မကြာပါဘူး။ ရပ်ကွက်ကလေး မီးထိန်ထိန်လင်းပါလေ ရော။

ဆယ်စုရပ်ကွက်လေးဟာ တောင်သာနယ်ရဲ့ အများခံနေရ တဲ့ ဒုက္ခဖြစ်တဲ့ ရေရှားတဲ့ ဒုက္ခလည်း ခံရရှာပါတယ်။ ရွာရဲ့အရှေ့မြောက်ဘက်က မိုးရေလှောင် ကန်ဖြစ်တဲ့ ဦးမော်ကြီးကန်ကိုသာ အားထားရတယ်။ ခုလို နွေအခါ မိုးခေါင်လာရင်တော့ ဦးမော်ကြီး ကန် ရေခန်းကုန်လို့ ရွာက သူ့အိမ် ကိုယ့်အိမ်တိုင်း စုထားတဲ့ မိုးရေကိုသာ ချွေချွေတာတာ သောက်ကြရတယ်။ သူတို့ရွာ ရေရှားလို့ မြို့ နယ်စည်ပင်က ရေဝေဖို့ စီစဉ်ပေး တယ်။ သို့ပေမဲ့ ရေတော့ ဝေပေးမယ်၊ ကန်တော့ ကိုယ့်ဘာသာ ဆောက်ဆိုလို့ ရွာထဲထုံးစံအတိုင်း မျှဝေကောက်ခံပြီး ရေလှောင်ကန် ဆောက်ရတာပေါ့။ ရေကန်ဆောက်တာကတော့ ငွေတအားမကုန်ပါဘူး။ ဘာလို့ဆို ရပ်ကွက်ထဲမှာ ပန်းရန်လုပ်တဲ့ သူတွေလည်းရှိတော့ တို့ဘာသာချမယ် ကွာဆိုပြီး လုပ်ထည့်တာ ရေကန်က မကြာဘူး ပြီးပါလေရောလား။

စည်ပင်က ရေပေးပေမယ့် အဲဒီရေက သောက်ရလောက်တဲ့ ထိတော့ မကောင်းဘူး။ ဒါကြောင့် ဦးမော်ကြီးကန်ကိုပဲ သောက်ရေအတွက် အားထားရတယ်။ ဦးမော်ကြီးကန်ကိုလည်း ဆယ်စုရပ် ကွက်သားတွေ မကြာခဏ သန့်ရှင်းရေးလုပ်ကြတယ်။ ဒီရေကိုအားထား သောက်နေရတာကိုး။ ဦးမော်ကြီးကန်က သူတို့ရပ်ကွက်တင်မက တခြားဘေးနားက ရပ်ကွက်တွေ၊ ရွာတွေကပါ အားထားရတဲ့ မိုးရေလှောင်ကန်ကြီးပါ။ ခုလိုနွေခါ ရေခန်းသွားရင် ကန်ဆယ်ဖို့လည်း စီစဉ်ရတယ်။ ကန်ဆယ်တဲ့အခါ နေ့ခင်းတော့ အဆင်မပြေဘူး။ ဘာလို့ဆို ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက နေ့ခင်းမှာ ကိုယ့်တစ်ဝမ်းတစ်ခါးအတွက် ရေကြည်ရာ မြက်နုရာပြေး အလုပ် လုပ်ကြရတာဆိုတော့ မအားကြတာပါ။ ဒါပေမဲ့ ကန်ဆယ်ဖို့အတွက် ဖြစ်အောင် စီစဉ်ကြပါ တယ်။

ဘယ်လိုစီစဉ်သလဲဆိုတော့ လပြည့်မတိုင်မီ လဆန်း ၁၃ ရက်နေ့လောက်ကနေစလို့ လပြည့်နေ့ညအထိ သုံးညတိတိ ညပိုင်းမှာ ကန်ဆယ်ကြတာပါ။ လျှပ်စစ်မီး တွေ ဘာတွေ ဆင်ဖို့လည်း အဆင်မပြေတာမို့ လသာတဲ့ည လရောင်ကို အားကိုးပြီး ကန်ဆယ်ရတယ်။ ပပ်ကြားအက်နေတဲ့ မြေတုံးတွေ ကို ဖယ်သူကဖယ်၊ ကန်အပေါ် ပို့ သူက ပို့၊ တူးသူက တူးနဲ့ လရောင် ဖွေးဖွေးမှာ အလုပ်များကြတယ်။ နေကုန်နေခန်း ပင်ပန်းခဲ့ကြပေ မယ့် တစ်ယောက်မှ မညည်းမညူ ကြပါဘူး။ သူတို့ ခုလိုကန်ဆယ် ထားမှသာ မကြာခင် မိုးကျလို့ ကန်ထဲ ရေတွေဝင်လာရင် အဆင် ပြေမှာကိုး။ ဒါမှ သူတို့ရပ်ကွက် လေးတင်မက တခြားဘေးနားက ရွာတွေကပါ သောက်ရေအတွက် အနေမခက်မှာ။

မြို့နယ်က သူတို့ရပ်ကွက် အတွက် သုံးရေကန်လေးလည်း လာဆောက်ပေးထားပါတယ်။ ရေချိုမဟုတ်တဲ့ ရေငန်မို့ သုံးရေအတွက်သာ ရပါတယ်။ ဆပ်ပြာခဲနဲ့တော့ တိုက်လို့ကိုမရတဲ့ ရေငန်ပါ။ အဲဒီရေငန်ကန်အတွက် မီတာ နဲ့ ရေခုတ်တင်ပေးပါတယ်။ မီတာ ခနဲ့ ရေကန်ထိန်းသိမ်းစောင့် ရှောက်ဖို့အတွက် ဟိုဘက်က စည်ပင်က ရေဝေတဲ့ ကန်မှာ ရေလာထမ်းရင် လေးထမ်းကို ငွေ ၁၀၀ ကောက်ပါတယ်။ အားလုံးက လည်း ကိုယ့်ရပ်ကွက်ရေရဖို့ ကြည်ကြည်ဖြူဖြူပဲ ပေးကြပါတယ်။

မနှစ်က ၂၀၁၈ သြဂုတ်လ ပိုင်းလောက်က ရွာထဲမှာ ပရိတ်ရွတ်ပွဲလေးလုပ်ဖို့ စီစဉ်ကြတော့ ရွာထဲ သန့်ရှင်းရေးလုပ်ကြတယ်။ အဲဒီမှာ ကလေးတွေက ပျော်ပျော် ပါးပါး အမှိုက်ကောက် သန့်ရှင်း ရေးလုပ်ကြရင်း လူကြီးတွေကို သူတို့ဆန္ဒ ပြောပြကြတယ်။ ‘‘ခုလိုပဲ တစ်ပတ်တစ်ခါလောက် အမှိုက် ကောက်ရင် မကောင်းဘူးလား’’ တဲ့။ လူကြီးတွေ ဟာခနဲဖြစ်သွား တယ်။ ဟ ... အလာကြီးပါလား ပေါ့။ ဆန္ဒရှိရင် လုပ်ကြတာပေါ့ ဆိုပြီး တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ဖို့ အစီအစဉ်ဆွဲလိုက်ကြတယ်။

တနင်္ဂနွေနေ့တိုင်း ကလေး တွေက အားတက်သရော အမှိုက် ကောက်တယ်။ ရလာတဲ့ အမှိုက်တွေကို စုသိမ်းပြီး စည်ပင် ကားလာရင် တင်ပေးကြတယ်။ အမှိုက်ကောက်လို့ မောပန်းနေတဲ့ ကလေးတွေနဲ့ ရပ်ကွက်သူ၊ ရပ် ကွက်သားတွေကို ရပ်ကွက်ထဲက အလှူရှင်တွေကပဲ မုန့်ပဲသရေစာတွေတွေ ကျွေးမွေးတယ်။ ရွာထဲ စုစုစည်းစည်းနဲ့ လုပ်တဲ့အခါ တိုင်း ကျွေးမွေးကြတာလည်း ကွမ်း၊ ဆေးလိပ်ကအစ မုန့်ပဲသရေစာတွေက စုံလို့ပါပဲ။ ခုဆို အမှိုက်ကောက်လာတာ တစ်နှစ် တောင် ပြည့်ပါတော့မယ်။

အဲဒီလို စုစုစည်းစည်းညီညီ ညွတ်ညွတ်နဲ့ လုပ်ကြတဲ့ ရပ်ကွက် ကလေးမှာ လိုအပ်နေတာတစ်ခု တော့ရှိတယ်။ အဲဒါက ရပ်ကွက်လမ်းမကြီး ပျက်စီးနေတာပါပဲ။ မိုးရွာရင် သူတို့အနိမ့်ပိုင်းရပ်ကွက်လေးထဲကို ရေတွေစီးကျတယ်။ လမ်းတွေပျက်တယ်။ သူတို့လည်း နိုင်သလောက်တော့ အုတ်ခဲကျိုး ချကြ၊ မြေဖို့ကြ ပြင်ကြပါတယ်။ သို့ပေမဲ့ ပျက်တာပျက်တာပဲ။ မိုးရွာရင် ဆိုင်ကယ်နဲ့ ထွက်ရဖို့ ဝေး လို့ ခြေကျင်တောင် ထွက်မရဘူး။

ဒါနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ဇန်န၀ါရီ မှာတော့ လွှတ်တော်ရန်ပုံငွေက နေ သူတို့ရပ်ကွက်လမ်းလေးအ တွက် မြေသားလမ်းကြမ်းခင်းဖို့ ၃၅ သိန်း ချပေးခဲ့တယ်။ အကျယ်၁၂ ပေ အရှည်ပေ ၃၀၀ အတွက်ပါ။ အမှန်ပြောရရင် သူတို့ဖြစ်ချင် တာက ကျောက်ခင်းလမ်းလေး လောက်တော့ ဖြစ်ချင်တာပါ။ မြေသားလမ်းကြမ်းဆို မကြာခင် ပြန်ပျက်ဦးမှာပါ။ သို့ပေမဲ့ မရတာထက်စာရင် တော်သေးတာမို့ တို့ထပ်စိုက်ပြီး ကျောက်ခင်းလမ်း လေး လုပ်လိုက်ကြရအောင်ဆိုပြီး တိုင်ပင်ကြတယ်။ ရပ်ကွက်လူထု တူပြိုင်ခေါင်းညိတ်ကြတာမို့ တစ်အိမ်ထောင် ကိုယ်တတ်နိုင်သ လောက် ၀ိုင်းထည့်ကြဖို့ စီမံတယ်။ တစ်အိမ်ထောင် အနည်းဆုံး ငွေတစ်သောင်းလောက်တော့ အောက်ထစ်ထည့်မှ အဆင်ပြေ မယ်လို့ တွက်ချက်ရတယ်။ ဒါကလည်း အတင်းကာရောမကောက် ဘူး။ အားလုံးကလည်း သဘောတူပါတယ်ဆိုမှ ကောက်ကြတာပါ။ ကောက်တဲ့အခါမှာလည်း တစ်ရပ် ကွက်လုံးက နေ့စားအလုပ်သမား တွေများတာမို့ တစ်ခါထည့် နှစ် ထောင်၊ သုံးထောင်နဲ့ အရစ်ကျ ကောက်ပေးလိုက်တယ်။ ၁၀ သိန်းနီးပါးလောက်တော့ ရခဲ့တယ်။ ငွေထည့်ထားတာပဲ ဆိုပြီးလည်း လမ်းပြင်တာကို ထိုင်ကြည့်မနေကြပါဘူး။ အားတဲ့သူအားသလို ၀ိုင်းကြ၀န်းကြ လုပ်အားပေးခဲ့ကြတာဖြင့် ခုဆို ကျောက်ခင်းလမ်းလေးက ဖြူးလို့ပေါ့။

သို့ပေမဲ့ ဆယ်စုရပ်ကွက် သားများ မတင်းတိမ်နိုင်သေးဘူး။ ကျောက်ခင်းလိုက်လို့ နဂိုထက် အများကြီး သာသွားပေမယ့် စိတ်တိုင်းတော့ မကျသေးဘူး။ တ ကယ်တမ်း သူတို့ဖြစ်ချင်တာက ကွန်ကရစ်လမ်းဖြစ်ချင်တာ။ ခုချက်ချင်း ကွန်ကရစ်လမ်း ထခင်းဖို့ဆိုတာကလည်း ငွေအားမတတ်နိုင်တာကြောင့် ကျောက်ခင်းလမ်း လေးနဲ့တင် ဖြေသိမ့်လိုက်တာ။ ဒါပေမဲ့ မရပါဘူး။ ကွန်ကရစ်သာ ခင်းချင်တော့လည်း ဆယ်စုသား တွေ တိုင်ပင်ကြရပြန်တာပေါ့။

ရပ်ကွက်လမ်းမကြီးက ရပ်ကွက်ထိပ်ကနေ အဆုံးထိ ပေ၈၈၀ ရှည်ပါတယ်။ ဒီလမ်းကြီး တစ်လျှောက် ကွန်ကရစ်ဖြစ်ဖို့ ဆိုတာ ငွေတော့ အတော်ကုန်မှာ ပါ။ ထစ်ခနဲရှိ အစိုးရလည်း မ တောင်းချင်ဘူး။ တစ်ခါမှလည်း တောင်းခဲ့ဖူးတာ မဟုတ်။ ဒါကြောင့် တို့တစ်တွေ အရင်လိုပဲ ကိုယ်ပဲထူ ကိုယ်ပဲထကြမလား တိုင်ပင်ကြပြန်တယ်။ ထုံးစံအတိုင်း အားလုံးက ရက်စ်ဆိုပြီး လက်မထောင်ကြတာပဲ။

ရပ်ကွက်လမ်း ကွန်ကရစ် လမ်းဖြစ်ဖို့ ဘယ်လို ကိုယ်ထူကိုယ်ထကြမလဲ စီမံကြတယ်။ ရှေ့မှာလည်း အမျိုးစုံအောင် ကိုယ်ထူ ကိုယ်ထခဲ့ကြတော့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေလည်း ပန်းလှပြီ။ ဒါပေမဲ့ အပြုံးမပျက်ကြပါဘူး။ ကိုယ့်ရပ်ကွက်အတွက် ကိုယ်လုပ်တာကိုး။ ဒါနဲ့ ဘယ်လိုလုပ်မလဲ တိုင်ပင်ကြတော့ တစ်လကို တစ်အိမ်၊ တစ်အိမ် ကိုယ်တတ်နိုင်သ လောက်လေး တစ်ထောင်၊ နှစ်ထောင် ကောက်ကောက်ပြီး ငွေစုကြမလား စဉ်းစားတယ်။ အများကြီးတော့လည်း မတတ်နိုင် ဘူးလေ။ လက်လုပ်လက်စားသ မားတွေကိုး။

သူတို့တွက်တာက တစ်အိမ် ထောင် တစ်ထောင်ထည့်ဦး။ အိမ် ထောင် ၆၀ ကျော် ဆို တော့ တစ်လ ခြောက်သောင်း ကျော်ရမယ်။ တစ်နှစ်ဆို ခုနစ်သိန်းကျော်ရမယ်။ တချို့အိမ်တွေက တစ်ထောင်မဟုတ်ဘဲ နှစ်ထောင်၊ သုံးထောင်၊ သုံးထောင့်ငါးရာ စသဖြင့် ကိုယ်နိုင်သလောက် ထည့်ကြမယ်လို့ဆိုတော့ ဘာပဲဖြစ်ဖြစ် တစ်လတစ်လ တစ်သိန်းကျော်တော့ ဖြစ်သွားမှာပဲလို့ တွက်ဆကြတယ်။ အဲဒီလို ထည့်ဝင်ပုံမျိုးနဲ့ဆို တစ်နှစ်ကို ပေ ၁၀၀ လောက်တော့ ကွန်ကရစ်ခင်းနိုင်မယ်လို့ ခန့်မှန်းကြတယ်။ ပေ ၈၀၀ ကျော်ဆိုတော့ ရှစ်နှစ် လောက်ဆို တို့ရပ်ကွက်လမ်းကြီး ကွန်ကရစ်လမ်း ခင်းပြီးနိုင်မယ် ပေါ့။

သူတို့ရပ်ကွက်ရဲ့ မဟာ့ မဟာ စီမံကိန်းကြီးဖြစ်တဲ့ ကွန်ကရစ်လမ်းစီမံကိန်းကြီးကတော့ ရှစ် နှစ်ကြီးများတောင် ကြာမြင့်မှာ ပါ။ တစ်လ တစ်လ ကောက်ခံလို့ ရရှိလာတဲ့ ငွေကိုလည်း စနစ်တကျ စာရင်းလုပ်ပြီး ဘဏ်မှာ အပ် ထားဖို့ တိုင်ပင်ပြီးပါပြီ။ အစည်း အဝေးတွေလည်း အကြိမ်ကြိမ် ခေါ်ပြီးလို့ ဒီလ မေလကုန်ကစလို့ ကွန်ကရစ်လမ်းကြီးအတွက် ငွေစစုဖို့ ပြင်ဆင်နေကြပါပြီ။ ရှစ်နှစ်လောက်ကြာမှာဖြစ်ပေမယ့် အရင့်အရင် စုပေါင်းညီညွတ်စွာ လုပ်ခဲ့ ကြတဲ့ ဆယ်စုရပ်ကွက်လေးရဲ့ အစဉ်အလာတွေလည်း ရှိခဲ့ပြီးပြီ မို့ အောင်မြင်မယ်လို့ ယုံကြည် ထားကြပါသတဲ့။

မြို့ပေါ်နေ လူတန်းစားတွေ အဖို့ ကွန်ကရစ်လမ်းလေးတစ်ခု ခင်းဖို့ မပြောပလောက်ပေမယ့် နယ်ဘက်ကျေးဘက်အဖို့ အထူးသဖြင့် နွမ်းပါးလှတဲ့ ကျေးလက်နေ တောသူ တောင်သားတွေအဖို့ အိပ်မက်ကြီးတစ်ခုရယ်ပါ။ အဲဒီကွန်ကရစ်လမ်းအိပ်မက်ကို ဆယ် စုရပ်ကွက်လေးက ယုံယုံကြည်ကြည်မက်နေခဲ့ပါတယ်။ ဆယ်စု ရပ်ကွက်လေးအတွက်တော့ ကွန်ကရစ်လမ်းစီမံကိန်းဟာ မဟာ့ မဟာစီမံကိန်းကြီးတစ်ခုပါ။ အဲဒီစီမံကိန်းအတွက် သူတို့ရပ်ကွက် သူ၊ ရပ်ကွက်သားတွေရဲ့ ချွေးစက် တွေမြှုပ်နှံဖို့ အဆင်သင့်ဖြစ်နေပါ ပြီ။ လမ်းပြင်ဖို့ ဦးဆောင်သူတွေ ထဲက တစ်ယောက်ဖြစ်တဲ့ အသက် (၅၅)နှစ်အရွယ် ဆယ်စုသားကြီး ဦးလှဝင်းကတော့ ‘‘ကိုယ်နိုင်သ လောက် လိပ်သွားသွားနေမှာပဲ။ တစ်နေ့တော့ ရောက်မှာပဲ’’ တဲ့။

No comments:

Post a Comment