
ထိုအစီအစဉ်အတွက် မိမိသဘောအလျောက် ပါဝင်လုပ်ဆောင်မယ့် စေတနာရှင်လူငယ်တွေကို ခေါ်ယူစေလွှတ်မည်ဟု ကြေညာထားပေမယ့် ခေါင်းဆောင်ကြီးရဲ့ဆန္ဒ ဖြစ်နေတာကြောင့် ပါတီနဲ့ အစိုးရအလုပ်တွေမှာ အခွင့်အရေးရလိုတဲ့ လူငယ်တွေအတွက် မဖြစ်မနေပါဝင်ရမယ့်သဘော ဖြစ်နေပါတယ်။
၎င်းဟာ တရုတ်အစိုးရရဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးနဲ့ ကျေးလက်နဲ့မြို့ပြ စီးပွားဖွံ့ဖြိုးမှုညီမျှရေး စီမံကိန်းဟု အလားသဏ္ဍာန်ရှိပေမယ့် ၄င်းရဲ့နောက်ကွယ်မှာ အခြားအကြောင်းအရင်းများလည်း ရှိနေနိုင်ပါတယ်။
တရုတ်ခေါင်းဆောင်ဟောင်း မော်စီတုန်းဟာလည်း ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှာ မြို့နေ ကျောင်းသားနဲ့ဘွဲ့ရ ၁၇ သန်းခန့်ကို ကျေးလက်သို့ ပို့ပစ်ခဲ့ဖူးပါတယ်။ ကျောင်းပညာကို နှစ်ရှည်လများ သင်ယူခဲ့တဲ့ ကျောင်းသားတွေဟာ ဥက္ကဌမော်ရဲ့လမ်းညွှန်မှုအောက်မှာ ကျေးလက်သို့သွားပြီး လယ်သမားတွေဆီကနေ လယ်ယာစိုက်ပျိုးရေးနဲ့ နိုင်ငံရေးသင်ခန်းစာတွေ သွားရောက်သင်ယူ ခဲ့ရပါတယ်။
ထိုမူဝါဒဟာ မြို့နေလူငယ်များစွမ်းရည်ပြည့်ဝရေးသဖွယ် အမည်ခံထားပေမယ့် ရလဒ်အဖြစ် မျိုးဆက် တစ်ဆက်ခန့် စွမ်းရည်ပြုန်းတီးသွားခဲ့ခြင်းပဲ အဖတ်တင်ခဲ့ပါတယ်။ မြို့နေလူငယ်တွေဟာ ၄င်းတို့ ဘဝရဲ့ အကောင်းဆုံးအချိန်တွေမှာ ပါရမီသန်ရာအလိုက် ထွန်းတောက်ရမယ့်အစား ၄င်းတို့နဲ့ မဆီလျော်တဲ့အရပ်တွေမှာ အချိန်တွေ ပြုန်းတီးခဲ့ရပါတယ်။ ကျေးလက်မှာပဲ အခြေချ ဇာတ်မြှုပ်လိုက် သူတွေ ရှိသလို ပင်ပန်းဆင်းရဲမှုဒဏ်ကြောင့် သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။
လေ့လာသူအချို့ကတော့ မော်နဲ့ရှီတို့ရဲ့ “ကျေးလက်သို့စေလွှတ်ရေး” မူဝါဒတွေမှာ ခပ်ဆင်ဆင် တူနေတဲ့ အကြောင်းအရင်းအချို့ ရှိနေကြောင်း သုံးသပ်ကြပါတယ်။
ဥက္ကဌမော်ရဲ့လက်ထက်မှာ လယ်ယာမြေပြည်သူပိုင်သိမ်းခြင်းကြောင့် စိုက်ပျိုးရေးမှာ ထိထိ ရောက်ရောက် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါ့ပြင် ကောက်ပဲနဲ့အဖျက်ပိုးမွှားတွေကို စားသုံးတဲ့ စာကလေးတွေကို အဖျက်ရန်သူစာရင်းထဲ ထည့်သွင်းပြီး နှိမ်နင်းသတ်ဖြတ်ခဲ့တဲ့အတွက် ကောက်ပဲ အထွက်နှုန်း အကြီးအကျယ်ကျဆင်းပြီး အငတ်ဘေးဆိုက်ခဲ့ပါတယ်။ ၄င်းကို ကုစားရန်နဲ့ ထိုခေတ် ထိုကာလ မြို့ပြအလုပ်အကိုင် ရှားပါးလာမှုပြဿနာကို ဖြေရှင်းရန်အတွက် မော်စီတုန်းဟာ အလုပ်ခွင်ဝင်တော့မယ့် ကျောင်းသားနဲ့ဘွဲ့ရတွေကို ကျေးလက်သို့ ပို့ခဲ့ပါတယ်။
ရှီကျင်းပင်ဟာလည်း စီးပွားရေးဖွံ့ဖြိုးမှုနှေးနေခြင်းနဲ့ မြို့နေအလုပ်လက်မဲ့များ ပေါများလာခြင်းတို့ကို ဖြေရှင်းရန်အတွက် မော်စီတုန်းရဲ့လမ်းစဉ်ကို အသက်ပြန်သွင်းလာကြောင်း ယူဆရပါတယ်။ ၄င်းကိုယ်တိုင်ကလည်း ကျေးလက်သို့စေလွှတ်ခံခဲ့ရတဲ့ လူငယ်တစ်ဦးဖြစ်တဲ့အတွက် ထိုစဉ်တုန်းက နေထိုင်ခဲ့တဲ့ရွာလေးဟာ ယခုဆိုရင် ကွန်မြူနစ်နတ်ကွန်းတစ်ခုသဖွယ် အမွှန်းတင်ခံရပြီး လာရောက် လည်ပတ်သူတွေလည်း ရှိနေပါတယ်။
No comments:
Post a Comment