သေဆုံးသွားတဲ့ အသက် ၁၆နှစ်အရွယ် စိုင်လောင်ခေးဟာ ဘောလခဲခရိုင် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာက ဖြစ်ပြီး အခုနှစ် ၁၀တန်းတက်ဖို့ လွိုင်ကော်မြို့ရှိ အဆောင်တခုမှာ မိဘတွေက လာရောက်အပ်နှံထားတာဖြစ်ပါတယ်။
သားဖြစ်သူကို ပညာသင်စေချင်လို့ အခုလို မိဘနဲ့အဝေးမှာ ပို့ဆောင်ခဲ့တာလို့ ဖခင်ဖြစ်သူ ဦးကံထိန်က ပြောပါတယ်။
“မိဘတယောက်အနေနဲ့ ကိုယ့်သား ဒီလိုဖြစ်တော့ ၀မ်းနည်းရတာပေါ့နော်။ ကိုယ့်သား တယောက်ထဲ ပညာရေးလည်းဖြစ်ထွန်းစေချင်တယ်ပေါ့။ အဲဒါကြောင့် ဒီလွိုင်ကော်မှာ လာထား တယ်။ ဒါပေမယ့်အခုလို မထင်မှတ်ပဲ အခုလိုဖြစ်သွားတယ်ဆိုတော့ ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူးလေ။ ကံတရားပဲပြောရမှာပေါ့။”
ရေနစ်သေဆုံးသူ ကျောင်းသား စိုင်းလောင်ခေးဟာ ရေမကူးတတ်ဘူးလို့ ဖခင်ဖြစ်သူက ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့က သူနဲ့ သူငယ်ချင်း ၅ ယောက် ဘောလုံးကန်ဖို့ ခွင့်ပြုပေးခဲ့ရာကနေ ဘီလူးချောင်းထဲမှာသွားပြီး ဘောလုံးကစားခဲ့ကြတာလို့ သိရကြောင်း အဆောင်ပိုင်ရှင်က ပြောပါတယ်။
ဒီအဆောင်ကို မိသားစုအနေနဲ့ ဖွင့်ထားတာဖြစ်ပြီး အဆောင်မှာ ကလေးလေးငါး ယောက်သာ လက်ခံထားပြီး အခင်းဖြစ်တဲ့နေ့ကလည်း သူတို့ကို ဘောလုံးကန်ခွင့်ပြုရာက အသိမပေးဘဲ ရေထဲဆင်းကစားကြတာလို့ဆိုပါတယ်။
ရှာဖွေတွေ့ရှိတဲ့ကလေးအလောင်းကို မနေ့က လွိုင်ကော်ဆေးရုံမှာ ပို့ဆောင်ပြီး စက်ဆိုင်ရာက စစ်ဆေးနေပါတယ်။ မိဘတွေကတော့ ကလေးရဲ့ အလောင်းကို နန်းကစ်ရွာကို ပြန်လည်သယ်ဆောင်သွားမယ်လို့ ပြောပါတယ်။
No comments:
Post a Comment