
ဘာစီလိုနာအသင်းကလည်း ပထမအကျော့က ဂိုးပြတ်နိုင်ထားတယ်ဆိုပေမယ့် ဆွာရက်၊ မက်ဆီ၊ ကော်တင်ဟို၊ ရာကီတစ်၊ ဘတ်စ်ကွက် စတဲ့ အဓိက ကစားသမား အစုံအလင် အသုံးပြုခဲ့ပါတယ်။ ပွဲအစ ၇ မိနစ်မှာပဲ တိုက်စစ်မှူး အိုရီဂီက လီဗာပူးအတွက် အဖွင့်ဂိုးသွင်းပြီး ပထမပိုင်းမှာ လီဗာပူးက တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးအသင်းက ထိုးဖောက်ကန်သွင်းခွင့် အသာရခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာတော့ ဘာစီလိုနာ အသာရခဲ့ပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာ လီဗာပူးအသင်းက ရောဘတ်ဆန်နေရာမှာ ကွင်းလယ်လူ ဝစ်ခ်ျနယ်လ်ဒန်ကို လူစားလဲခဲ့ပြီး အဲဒီ လူစားလဲမှုကပဲ ပွဲအဖြေကို ပြောင်းလဲခဲ့တာပါ။ ပွဲချိန် ၅၄ မိနစ်နဲ့ ၅၆ မိနစ်တွေမှာ ဝစ်ခ်ျနယ်လ်ဒန်က လီဗာပူးအတွက် နှစ်ဂိုးဆက် သွင်းပေးခဲ့လို့ ဘာစီလိုနာ အငိုက်မိသွားပြီး လီဗာပူးအတွက်တော့ မျှော်လင့်ချက်တွေ အသက်ဝင်ခဲ့ပါတယ်။
ဒီ့နောက် ဘာစီလိုနာ တိုက်စစ်ဆင်ခဲ့ပေမယ့် လီဗာပူးနောက်တန်းနဲ့ ဂိုးသမား အကောင်းဆုံး ထိန်းချုပ် ကာကွယ်နိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် နောက်ဆုံး ဗိုလ်လုပွဲ တက်လှမ်းနိုင်စေမယ့် ဂိုးကိုတော့ ပွဲချိန် ၇၉ မိနစ်မှာ ကန်ခွင့်ရတဲ့ ထောင့်ကန်ဘောကို အာနိုးလ်က လျှပ်တပျက်ကန်တင်ပေးပြီး အိုရီဂီက ပိတ်သွင်းကာ ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးအတွက် ဂိုးမသွင်းနိုင်ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့တဲ့ တိုက်စစ်မှူး မာနေးကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အခုညယှဉ်ပြိုင်မယ့် အေဂျက်-စပါးအသင်း ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ လာမယ့် ဇွန်လ ၁ ရက်နေ့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment