
သို့ဖြစ်၍ ဂျပန်နိုင်ငံ JICA မှ ရန်ကုန်လူထု မြို့ပြရထား ပို့ဆောင်ရေးစီမံကိန်း Yangon Urban Mass Rapid Transit (YUMRT) အား ဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာမှုအား ၂၀၁၈ ခုနှစ် မေမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ YUMRT စီမံကိန်းအား ရန်ကုန်မြို့၏ အရှေ့နှင့် အနောက်၊ တောင်နှင့်မြောက် ဆက်သွယ် တည်ဆောက်မည့် ရန်ကုန်မိုးပျံ ရထားလမ်းများ ပါဝင်သည့် စီမံကိန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။
လက်ရှိတွင် လေ့လာမှု ပြုလုပ်နေသည့် ဦးစားပေး အပိုင်းအဖြစ် ရန်ကုန်မြို့၏ အရှေ့နှင့်အနောက် ဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်သည့် လှိုင်သာယာမှ ပါရမီဘူတာအထိ ၁၈ ကီလိုမီတာအား စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုက လက်ရှိမှာ အရင်ကထက် ပိုမို ဆိုးရွားလာတာ မှန်ပေမဲ့ ဘန်ကောက်၊ ဂျကာတာ စတဲ့ အခြား အရှေ့တောင်အာရှ မြို့တော်ကြီးတွေလောက် ယာဉ်ကြော ကျပ်တည်းတဲ့ အဆင့်လောက်ထိ မရောက်သေးပါဘူး။ ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ကျပ်တည်း ပိတ်ဆို့မှုက အခုထက် ပိုမိုဆိုးရွားလာမယ်ဆိုရင် YUMRT လုပ်ငန်းတွေ စတင် တည်ဆောက်ဖို့တောင် ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ YUMRT ကို စောနိုင်သမျှ စောစော အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ YUMRT က ပထမဆုံး မြို့ပြလူထု မြန်နှုန်းမြင့် ခရီးသွားဝန်ဆောင်မှု ပြုနိုင်မှာဖြစ်ပြီး အခြားမြေပြင်က အခြား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ပုံမှန် လည်ပတ်စေမှာ ဖြစ်ပါတယ်” ဟု JICA Myanmar Office မှ Chief Representative Mr . Masayuki Karasawa က မေ ၂၂ ရက် က ပြောကြားခဲ့သည်။
ရန်ကုန်လူထု မြို့ပြရထား ပို့ဆောင်ရေး စီမံကိန်း (YUMRT) ဟု အမည်ပေးထားသည့် မြန်နှုန်းမြင့် ရထားစနစ်အတွက် ကနဦး လေ့လာမှုကို ၂၀၁၈ ခုနစ် မေတွင် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ လက်ရှိ ပြုလုပ်နေသည့် အသေးစိတ် လေ့လာမှုသည် ၂၀၁၉ စက်တင်ဘာ (သို့မဟုတ်) အောက်တိုဘာတွင် ပြီးစီးမည်ဟု ဆိုသည်။
“ရန်ကုန်မြို့ရဲ့ အရှေ့နှင့် အနောက်၊ တောင်နှင့်မြောက် ဆက်သွယ် တည်ဆောက်မယ့် မိုးပျံရထား စီမံကိန်း တစ်ခုလုံးကို ဂျပန်အစိုးရရဲ့ အိုဒီအေချေးငွေနဲ့ပဲ တည်ဆောက်မှာ ဖြစ်ပါတယ်။ ချေးငွေလို့ ဆိုရာမှာ တစ်ခြားနိုင်ငံတွေက ပေးတဲ့ ချေးငွေတွေနဲ့ လုံးဝမတူပါဘူး။ အတိုးနှုန်းက ဝ ဒသမ ဝ၁ ရာခိုင်နှုန်းပါ။ ပြီးတော့ ပြန်ဆပ်တာက အနှစ် ၄၀ အနေနဲ့ ပြန်ဆပ်ရပါမယ်။ အနှစ် ၄၀ လို့ ဆိုရာမှ ပထမ ဆယ်နှစ်က လုံးဝ ပြန်ဆပ်ဖို့ မလိုပါဘူး။ ဒီစီမံကိန်း တစ်ခုလုံးအတွက် ဘယ်လောက် ကုန်ကျမလဲ ဆိုတာကတော့ လေ့လာမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်” မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama က ဧပြီ ၂၈ ရက် က ပြောကြားခဲ့သည်။
No comments:
Post a Comment