Monday, July 15, 2019

မြစ်ရေများ ဆက်တက်နေ၍ ရေဘေးဒုက္ခသည်နှစ်သောင်းကျော်ရှိလာ

 မြစ်ရေများ ဆက်လက် မြင့်တက်လာပြီး ရေဘေးသင့်လူ ဦးရေ တိုးလာကာ ဇူလိုင် ၁၄ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခု၌ လူဦးရေစုစုပေါင်း နှစ်သောင်းကျော် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသည်။ ဧရာဝတီနှင့် ချင်းတွင်း မြစ်အပါအ၀င်မြစ်ငါးစင်းသည် မြို့ခြောက်မြို့တွင် စိုးရိမ်ရေမှတ် အထက် မြင့်တက်နေပြီး ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့ရှိ ၁၃ မြို့နယ် တွင်   ရေဘေးကြုံတွေ့နေရသည်။



ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦး စီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ‘‘ကချင်မှာ ရေဘေးသင့်လူစာရင်း ထပ်တိုးတယ်။ မြစ်ရေက အထက်ကနေ ဆင်းလာတော့ အောက်ဘက်က မြို့တွေမှာက ရေတိုးလာတာ။ လိုအပ်တာတွေတော့ အရေးပေါ်လုပ်ပေး နေတယ်’’ဟု ပြောသည်။

ကချင်ပြည်နယ်တွင် မြစ် ကြီးနား၊ တနိုင်း၊ ဆင်ဘို၊ ၀ိုင်း မော်၊ ဗန်းမော်၊ ရွှေကူ၊ ဆော့လော်၊ နောင်မွန်းမြို့တို့၌ ဇူလိုင် ၁၀ ရက်ကစကာ ရေဘေးကြုံတွေ့နေ ပြီး ဇူလိုင် ၁၄ ရက် စာရင်းအရ လူ၁၄,၀၀၀ ခန့် ကယ်ဆယ်ရေးစခန်း များတွင် ခိုလှုံနေရသည်။

မြစ်ကြီးနားမြို့တွင် မြစ်ရေလျော့ကျနေသော်လည်း အောက်ဘက်ဒေသများ၌ ရေတိုးလာ၍ ရေဘေးသင့်လူဦးရေတိုးနေခြင်း ဖြစ် သည်။

ရခိုင်ပြည်နယ် မြောက် ဦးနှင့် မင်းပြားမြို့၌ လူ ၄,၀၀၀ ခန့်၊ ချင်းပြည်နယ် ပလက်ဝမြို့တွင် လူ၁,၃၀၀ ခန့်၊ စစ်ကိုင်းတိုင်း ခန္တီးနှင့်ကသာမြို့၌ လူ ၁,၀၀၀ ခန့် ရေဘေးလွတ်ရာတွင် ခိုလှုံနေရ သည်။
‘‘မြစ်ရေက ဆက်တိုးနေလို့ ရေဘေးသင့်ဧရိယာက ကျယ်လာ နိုင်တယ်’’ဟု ဇူလိုင်အတွင်း ရေ ကြီးနစ်မြုပ်နိုင်ဖွယ်ရှိသည့် အခြေ အနေကို မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး သည်။

No comments:

Post a Comment