Monday, July 15, 2019

ထိုင်းကျောင်းသူအသတ်ခံရမှုတွင် မကျူးလွန်ဘဲ ပြစ်ဒဏ်ကျခဲ့သော မြန်မာလုပ်သားများ ဝန်မခံမချင်းနှိပ်စက်ခံရ

 ထိုင်းနိုင်ငံ ရနောင်းမြို့၌ ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုတွင် မကျူးလွန်ဘဲ ထောင်ဒဏ်များ ချမှတ်ခံရပြီးနောက် အယူခံအနိုင်ရ၍ ပြန်လည်လွတ်မြောက်လာသော မြန်မာလုပ်သားများက ၎င်းတို့ ဝန်ခံလာစေရန် ထိုင်းရဲတပ်ဖွဲ့၏ ပြုမူပုံများကို ယမန်နေ့က 7Day Daily သတင်းစာတိုက်သို့ လာရောက်၍ ဖွင့်ချခဲ့သည်။



ဘယ်လိုဖြစ်တာလဲ

ရနောင်းမြို့တွင် ၂၀၁၅ စက်တင်ဘာ ၂၈ ရက်က (၁၈)နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးကို စိန်ကတုံး၊ ဝေလင်း၊ မိုးဇင် အောင်နှင့် ကျော်စိုးဝင်းတို့က ဓား ဖြင့် ၁၇ ချက် ထိုးသတ်ခဲ့သည်ဟူ သော စွပ်စွဲချက်ဖြင့် ထိုင်းရဲတပ် ဖွဲ့က ၂၀၁၅ အောက်တိုဘာ ၂၀ ရက်တွင် ဖမ်းဆီးပြီး ၂၀၁၈ ဧပြီ ၁၉ ရက်တွင် ပြစ်ဒဏ်များ အသီး သီးချမှတ်ခဲ့သည်။

မြန်မာလုပ်သား လေးဦးအ နက် မိုးဇင်အောင်ကို ထောင်ဒဏ် လေးနှစ်နှင့် ဒဏ်ငွေဘတ်ရှစ်သိန်း တစ်သောင်း (ကျပ်သိန်း ၃၇၀)၊ ကျော်စိုးဝင်းကို ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ်နှစ်သိန်းခုနစ် သောင်း (ကျပ်သိန်း ၁၀၀ ကျော်) ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ စိန် ကတုံးကို ထောင်ဒဏ်ရှစ်နှစ်နှင့် ဝေလင်းကို ထောင်ဒဏ်ခြောက် နှစ် ချမှတ်ပြီး ၎င်းတို့နှစ်ဦးကို ဒဏ် ငွေ ဘတ်ငါးသိန်းခုနစ်သောင်း (ကျပ်သိန်း ၂၀၀ ကျော်) ချမှတ်ခဲ့ သည်။

ချုပ်ရက်များ ခံစားခွင့်ပြု သောကြောင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည့် မြန်မာလုပ်သား ကျော်စိုးဝင်းသည် အမိန့်ချသည့် နေ့တွင် လွတ်မြောက်ခဲ့သည်။ သို့ သော် ထိုင်းဥပဒေအရ အသက် မပြည့်သေးသူ ထောင်ချခံရပါက အသက်(၁၈)နှစ်ပြည့်လျှင် လွတ် မြောက်ခွင့်ရှိသဖြင့် ထောင်လေး နှစ်ချမှတ်ခံရသော မိုးဇင်အောင် သည် ၂၀၁၈ အောက်တိုဘာတွင် (၁၈)နှစ်ပြည့်၍ ဒီဇင်ဘာ၌ လွတ် မြောက်လာသည်။

 ထိုင်းအကျဉ်းထောင်အ တွင်း ကျန်ရှိသော စိန်ကတုံးနှင့် ဝေလင်းတို့ လွတ်မြောက်ရေးနှင့် မြန်မာလုပ်သားများ အပြစ်မရှိ ကြောင်းအပေါ် ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီ ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း FED နှင့် မြန်မာလုပ်သား လေးဦးအမှု ကူညီဆောင်ရွက်ပေး နေသော ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက ၂၀၁၈ ဧပြီအတွင်း ရနောင်းမြို့တရားရုံးသို့ တင်သွင်း ခဲ့သည်။

 အဆိုပါ အယူခံအပေါ် ရနောင်းတရားရုံးက ဇွန်လ ၂၆ ရက်တွင် အနိုင်ပေးကြောင်း အမိန့်ချခဲ့သည်။ ထို့ကြောင့် စိန်ကတုံးနှင့် ဝေလင်းတို့လည်း အယူခံနိုင်၍ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

မြန်မာလုပ်သား စိန်ကတုံး နှင့် ဝေလင်းသည် အကျဉ်းထောင်အတွင်း လေးနှစ်ခန့် နေထိုင်ခဲ့ရသည်။

ဘာတွေဖြစ်ခဲ့လဲ

အယူခံနိုင်၍ လွတ်မြောက် လာသော မြန်မာလုပ်သားလေးဦး အနက် စိန်ကတုံး၊ ဝေလင်းနှင့် ကျော်စိုးဝင်းတို့က ယမန်နေ့တွင် 7Day Daily သတင်းစာတိုက်သို့ လာရောက်၍ ကြုံတွေ့ခဲ့ရသည် များကို ပြောပြခဲ့သည်။ မြန်မာ လုပ်သား မိုးဇင်အောင်ကမူ အ လုပ်မအားသဖြင့် လိုက်ပါလာ ခြင်းမရှိပေ။

ဝေလင်း

ထိုင်းရဲတပ်ဖွဲ့က ဘယ်လိုမျိုးနှိပ် စက်တာလဲ ပြောပြပါဦး။
ပထမဆုံး ၀န်ခံခိုင်းတယ်။ ကျွန်တော်က ၀န်မခံဘူး။ အဲဒီကျ နှိပ်စက်တာပေါ့။ နားရင်းကိုတီး တယ်။ ရင်ဘတ်ကို ကန်တယ်။ နောက်ပြီး မျက်နှာကို အ၀တ်နဲ့ စည်းအုပ်ထားပြီး မျက်စိကိုပိတ် ပြီးတော့ ခွေးနဲ့ကိုက်ခိုင်းတယ်။ ထိုင်းရဲက ကိုက်ကိုက်ဆိုပြီးအော် ပေးနေတာ။ ခွေးကိုက်ခံရတော့ လက်တွေ၊ ကိုယ်တွေမှာ ပေါက် တဲ့ဒဏ်ရာတွေရတယ်။ ဆေးရုံမှာ ဆေးစစ်တော့ ဒဏ်ရာတွေရှိ တယ်။ ဆရာဝန်တွေက ဓာတ်ပုံ ရိုက်ထားတယ်။

ခွေးကိုက်ခံရတာ ဘယ်နှမိနစ် လောက်ကြာလဲ၊ ခွေးကကော အရွယ်အစား ဘယ်လောက်ကြီးလဲ။
လေး၊ ငါးမိနစ်လောက်ကြာ တယ်။ ခွေးက တစ်ပေကျော် လောက်ရှိတယ် အရွယ်က။ အ မည်းရောင်လေး။ ထိုင်းရဲက ဘေး ကနေ အော်နေတာ ကိုက်ကိုက်ဆိုပြီး။

ဘယ်နေရာမှာ စစ်တော့ အဲဒီလို နှိပ်စက်တာလဲ။
ရနောင်းစခန်းမှာ ဖြစ်တာ။ စစ်တာက တစ်ယောက် တစ်နေ ရာစီ စစ်တာ။ သူတို့က ပါးစပ်က ၀န်မခံလည်း ရတယ်ပြောတယ်။ ခေါင်းညိတ်ပြပေါ့။ ကျွန်တော်တို့ အားလုံး ခေါင်းညိတ်ပြပြီးပဲ ၀န်ခံ ခဲ့ရတာ။ ပထမဦးဆုံးဆေးရုံမှာ အမှန်အတိုင်း ပြောပြတယ်။ ဆရာဝန်ကလည်း အားပေး တယ်။ နင်တို့ မသတ်ဘဲနဲ့ ၀န်မခံ နဲ့ပေါ့။

ထောင်ကျပြီး ထောင်ထဲမှာကော နှိပ်စက်ခံရတာတွေရှိသေးလား။
ထောင်ထဲမှာကျ နှိပ်စက် တာတွေ မရှိတော့ဘူး။

စိန်ကတုံး

ထိုင်းရဲနှိပ်စက်တဲ့ပုံစံ ပြောပြပေး ပါဦး။
ကျွန်တော့်ကိုကျတော့ လည် ပင်းကို ထိုးတာ။ လည်မျိုကို ထိုးတာ။ ထိုးတာလောက်နဲ့ ကျွန် တော်က ၀န်မခံသေးဘူး။ နောက် ပိုင်းကျ သူတို့(ရနောင်းရဲတပ်ဖွဲ့) က ပြောတယ်။ မိဘတွေ၊ အဖေ တွေ၊ အမေတွေကို သတ်ပစ်မယ် ပေါ့။ သူတို့က ဖမ်းထားပြီးပြီလို့ ပြောတယ်။

အဲဒီတော့ ၀န်ခံလိုက်တာလား။ ဘယ်နှရက်အကြာမှာ ၀န်ခံလိုက် တာလဲ။
သုံးရက်လောက်ကြာမှ ၀န် ခံလိုက်တာ။ ညဘက်လည်း ကန် တယ်၊ နေ့ဘက်လည်း ကန်တယ်။ ကျွန်တော့်ရဲ့ငယ်ပါကိုပေါ့။ အဲဒါ လည်း ကန်တယ်။ မျက်စိကို အ ၀တ်စည်းပြီး ထိုးတယ်။ လည်မျို တွေ ထိုးတယ်။ ထမင်းစားနေ တုန်း လည်မျိုတွေ ထိုးတယ်။

အဲဒီလိုနှိပ်စက်တာ ထိုင်းရဲ ဘယ် နှယောက်လောက်ကလဲ။
ထိုင်းရဲနှစ်ယောက်။ ရှေ့ကတစ်ယောက်၊ နောက်ကတစ် ယောက်။ အစက ၀န်မခံသေး ဘူး။ အဖေတို့ ခြိမ်းခြောက်တော့ ၀န်ခံလိုက်တာ။ ၀န်မခံရင် အဖေ တို့၊ အမေတို့ကို ဖမ်းထားပြီးပြီ။ သတ်မယ်ပြောလို့ ၀န်ခံလိုက် တာ။ နောက်ပြီး မိုးဇင်အောင်က ပြောတယ်။ မင်းသတ်တယ်ပေါ့။ မိုးဇင်အောင်ကိုလည်း ကျွန်တော် က ပြောတယ်။ အဲဒီလိုမဟုတ်ဘဲ ပြောနေတာ။ ကျွန်တော်တို့က ထိုင်းစကားလည်း နားမလည် တော့ သေချာပြောပြလို့မရဘူး။

စစ်ဆေးတဲ့အချိန်မှာကော စကား ပြန်ထားပေးလား။
အစက စကားပြန်ထားမပေး ဘူး။ နောက်ပိုင်းမှ စကားပြန်ထား ပေးတာ။

ကျော်စိုးဝင်း

ကျော်စိုးဝင်းကိုကော ထိုင်းရဲတပ် ဖွဲ့က ဘယ်လိုမျိုး နှိပ်စက်တာလဲ ပြောပြပါဦး။
ကျွန်တော့်ကို လှေပေါ်မှာ ဖမ်းလိုက်တာပေါ့။ လက်ထိတ် ခတ်ပြီး ကားထဲကို ပစ်တင်လိုက် တာ။ ကျွန်တော်က စိန်ကတုံးနဲ့ တူတယ်။ လည်ပင်းကို ထိုးတယ်။ မင်းလုပ်လား အမှန်အတိုင်းပြော ပေါ့လို့ပြောတယ်။ ကျွန်တော်က လည်း မလုပ်တော့ မလုပ်ဘူးလို့ ပြောတာပေါ့။

ဘယ်နှရက်အကြာမှာ ၀န်ခံလိုက် တာလဲ။
အထဲမှာ လှောင်ထားတာ။ နေ့လား၊ ညလားမသိဘူး။ ဘယ် နှရက်ကြာမှန်းလည်း မသိဘူး။ မင်းတို့ ဒီလိုဝန်ခံရင် ထောင်သိပ် မကျဘူးပေါ့။ တစ်နှစ်၊ ၂ နှစ်ပဲ ကျမယ်လို့ ပြောတယ်။ အစက နားမလည်တော့ ခေါင်းညိတ်ပေး လိုက်တာ။

ဘာဆက်လုပ်ကြမလဲ

မြန်မာလုပ်သားလေးဦးအမှု ကိစ္စနှင့်ပတ်သက်ပြီး ကုန်ကျစ ရိတ်အားလုံးကို မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က တာ ၀န်ယူခဲ့သည်။ ဦးဇော်ဇော်သည် ရနောင်းမြို့တွင် ဖမ်းဆီးခံထားရ သော မြန်မာလုပ်သားများအမှု စတင်ဖြစ်ပွားကတည်းက ကူညီခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အယူခံအနိုင်ရ၍ ပြန်လည် လွတ်မြောက်လာသော မြန်မာလုပ်သားများကို ဦးဇော် ဇော်က ယမန်နေ့တွင် နိုဗိုတယ် ဟိုတယ်၌ ခေါ်ယူတွေ့ဆုံခဲ့သည်။ ဦးဇော်ဇော်က ၎င်းတို့အလုပ်အ ကိုင်နှင့်ပတ်သက်၍ အစီအစဉ်ကို မေးမြန်းသည်။ ၎င်းတို့ ၀ါသနာပါ သည့်အလုပ်နှင့်ပတ်သက်၍ အ ကူအညီပေးမည်ဟု ဦးဇော်ဇော် က ပြောသည်။

မြန်မာလုပ်သား လေးဦးကို မတရားစွပ်စွဲပြီး ထောင်ချခံရမှုအပေါ် နစ်နာကြေးများ ရရှိရန် ထိုင်းနိုင်ငံရှေ့နေများကောင်စီနှင့် ဆွေးနွေးတိုင်ပင်နေကြောင်းFED  ဥက္ကဋ္ဌ ဦးထူးချစ်က ပြောသည်။
‘‘ထိုင်းမှာက မတရားစွပ်စွဲ ခံရလို့ နစ်နာတယ်ဆိုရင် ဥပဒေ ကြောင်းအရ တောင်းဆိုခွင့်ရှိ တယ်။ ရှေ့မှာလည်း မြန်မာလုပ် သားတွေအမှု သာဓကရှိဖူးတယ်။ အခုလည်း ဒီကလေးတွေက မတရားစွပ်စွဲပြီး တရားခံလို့ သတ်မှတ်ခံရတယ်။ ထောင်ထဲမှာလည်း တချို့ဆို လေးနှစ်ကျော်လောက်နေရတယ်။ အဲဒါတွေအတွက် တောင်းဆိုဖို့တော့ ပြင်နေတယ်’’ဟု ဦးထူးချစ်ကပြောသည်။

No comments:

Post a Comment