Monday, July 15, 2019

တပ်မတော်ကအပစ်ရပ်ထားတဲ့ ရှမ်းမြောက်မှာ တပ်မတော်နဲ့ TNLA တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံရွာအနီးက လွယ်ဟန်တောင်ပေါ်နဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဟွေရွာအနီးက တောင်တန်းတွေပေါ်မှာ TNLA နဲ့ အစိုးရတပ်မတော်တို့ကြား မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ပြောခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။ နမ္မတူမြို့နယ်မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာတော့ ရွာတွေနဲ့အလှမ်းဝေးတာကြောင့် ဒေသခံတွေ ထိခိုက်တာ၊ ထွက်ပြေးတာတွေ မရှိဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။



“ဒီရွာမှာတော့တိုက်ပွဲမဖြစ်ဘူး ရွာကတောင်ပေါ်မှာရှိတာ ရွာထဲမှာမဟုတ်ဘူး ဒါပေမဲ့ ရွာသားတွေတော့ ထိတ်လန့်မှုရှိတယ် ပြေးသွားတာမရှိပါဘူး ”

မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နမ္မတူမြို့နယ် မန်စံရွာနားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အခြေအနေကို မန်စံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်အောင်ကြည်က အခုလို ပြောပါတယ်။

“ ပြီးသွားပါပြီ မနေ့တုန်းက ခဏပဲဖြစ်တာ မနေ့တုန်းက နှစ်ခါလောက်ဖြစ်တာ ဒီနေ့တော့ ငြိမ်သွားပါပြီ”

ဒါ့အပြင် ကွတ်ခိုင်မြို့နယ် နမ့်ဟွေရွာနားမှာ မနေ့ကဖြစ်တဲ့ တိုက်ပွဲမှာတော့ ရွာသား၂၀၀ လောက် ကွတ်ခိုင်မြို့ပေါ်ကို ထွက်ပြေးနေရတယ်လို့ အမည်မဖော်လို့တဲ့ နမ့်ဟွေရွာသားတစ်ဦးက ပြောပါတယ်။

“ ရွာထဲက ၂၀၀ ကျော်လောက် ထွက်ပြေးသွားတယ် ကွတ်ခိုင်ဘက်ကို၊ အခြေအနေကတော့ ဘာမှမထူးခြားဘူး၊ ကွတ်ခိုင်မှာပဲ ရှိနေကြတယ်”

အစိုးရတပ်မတော်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကစပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စစ်တိုင်းကြီး ငါးခုမှာ လာမယ့် သြဂုတ်လကုန်အထိ တဖက်သတ် အပစ်ရဲစဲကြောင်း ကြေညာထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ဖက်သတ်အပစ်ရပ် သက်တမ်းတိုးထားပြီးနောက်ပိုင်းမှာ TNLA နဲ့ တပ်မတော်ကြား တိုက်ပွဲ ၅၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဇွန်လကုန်ကစပြီး နောက်ထပ် နှစ်လ သက်တမ်းတိုးပြီးတဲ့နောက် ၁၁ ကြိမ် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA က ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

“တပ်မတော်ဘက်က သူဟာသူ တဖက်သတ်အပစ်ရပ် ကြေညာထားတာပေါ့နော်၊ တကယ့်တကယ် မြေပြင်မှာတော့ တိုက်ပွဲကဖြစ်နေတယ်၊ ဇူလိုင်လမှာ ၁၁ ကြိမ်ဖြစ်တယ်၊ နောက်ပိုင်းမှာ ကျနော်တို့ရှိတဲ့နေရာတွေကို ထပ်ကြပ်မကွာလိုက်လာပြီးတော့ တတ်လာတယ်၊ တိုက်ပွဲတွေ တဖြည်းဖြည်းစိတ်လာတယ်”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာတော့ နယ်မြေအငြင်းပွားမှုဖြစ်တာကြောင့် တိုက်ပွဲဖြစ်တာလို့ ပြောပါတယ်။

“ မနေ့တုန်းက နမ္မတူ မန်စံဘက်မှာ တိုက်ပွဲဖြစ်တာရှိတယ်၊ ဒါကတော့ သူတို့နယ်မြေကျူးကျော်မှုဖြစ်လာလို့ တိုက်ပွဲဖြစ်တာဖြစ်ပါတယ်၊ ကျန်တဲ့ဟာကြောင့် မဟုတ်ပါဘူး၊ အဓိကကတော့ နယ်မြေကိစ္စပါပဲ၊ သူတို့ကို ခဏခဏပြောတယ် နယ်မြေကျော်လွန်တာမလုပ်ဖို့၊ လူသစ်စုဆောင်းတာ မလုပ်ဖို့ပြောထားတယ်၊ ဒါတွေနဲ့ပတ်သက်ပြီး ချိုးဖောက်လို့ ထိတွေ့တိုက်ပွဲဖြစ်တာဖြစ်ပါတယ်”

TNLA အဖွဲ့ဟာ အစိုးရနဲ့ ပဏာပအပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးခိုင်းဖို့အတွက် မူကြမ်းတွေ အပြန်အလှန်ပေးထားပြီး biletral လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

No comments:

Post a Comment