Sunday, May 26, 2019

ဖမ်းဆီးစစ်ဆေးခံနေရသူ ကျောက်တန်းကျေးရွာသား ၈ ဦးကို ဇွန်လ ၆ ရက်နေ့တွင် ရုံးထုတ်မည်

ရခိုင်ပြည်နယ် ကျောက်တန်းကျေးရွာမှ ရခိုင်တပ်တော် AA နှင့် ဆက်စပ်ပတ်သက်မှု သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ကျေးရွာသား ၈ ဦးကို ဇွန်လ ၆ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ “အခုကတော့ စစ်တွေမြို့မရဲစခန်းမှာ ချုပ်ထားပါတယ်။ ဇွန်လ ၆ ရက်နေ့မှာ ရုံးထုတ်မယ်လို့ သိရပါတယ်” ဟု ဖမ်းဆီးစစ်ဆေးခံနေရသူ မောင်သိန်းအေးမောင်၏ မိခင်ဖြစ်သူ ဒေါ်အေးသားချေက ပြောသည်။



ယခုဖမ်းဆီးစစ်ဆေးခံနေရသူ ၈ ဦးထဲတွင် ကျောင်းသားတစ်ချို့လည်း ပါဝင်သောကြောင်းနှင့် ကျောင်းဖွင့်ချိန်လည်းဖြစ်လာသည့်အတွက် အမြန်ဆုံးလွှတ်ပေးစေချင်ကြောင်း သူက ဆက်လက် ပြောကြားသည်။

၎င်းတို့ ၈ ဦးမှာ ညီချေ (ခ) မောင်မောင်နိုင် (၂၄) နှစ်၊ စောဝင်းကျော် (၂၃) နှစ်၊ မောင်ညီညီဌေး (ခ) အောင်မျိုးလိုင် (၂၁) နှစ်၊ မောင်မောင်ချေ (၂၀) နှစ် ၀ါကြီးချေ (၂၅) နှစ်၊ ထွန်းမင်းနိုင်၊ ဦးမြင့်ထွန်း နှင့် မောင်သိန်းအေးမောင် (၁၇) နှစ်တို့ ဖြစ်ကြသည်။

ရသေ့တောင်မြို့နယ်၊ကျောက်တန်းတွင် လူပေါင်း ၂၇၅ ဦးအား ဧပြီ ၃၀ ရက်နေ့က စာသင်ကျောင်းတွင် ခေါ်ယူထိန်းသိမ်း စစ်ဆေးခဲ့ပြီး မေလ ၂ ရက်နေ့ ညဥ့် အချိန် ၂ နာရီခန့်တွင် စိတ်မနှံ့သူ တစ်ဦး ထအော်ရာမှ စစ်တပ်မှ ပစ်ခတ်၍ ၇ ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရသူများလည်း ရှိခဲ့သည်။
 သူတို့အားမည်သည့် ပုဒ်မဖြင့် အမှုဖွင့် တရားစွဲဆိုမည်ကို မသိရသေးဟု ၎င်းက ပြောဆိုသည်။

No comments:

Post a Comment