

ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်မင်းသက်လှိုင်က“လိုက်ထရပ်ယာဉ်နောက်ကနေပြီးတော့ Famous ယာဉ်က ဝင်တိုက်တာဗျ၊ လိုက်ထရပ်ယာဉ်ပေါ်ပါ ၁၀ ဦးပေါ့ ဒဏ်ရာရတယ်၊ ကျန်တာက ဒဏ်ရာမရဘူးပေါ့ဗျာ၊ Famous ယာဉ်ပေါ်ကတော့ ဒဏ်ရာမရဘူးဗျ၊ကျန်တာကတော့ ဆေးစာ ပို့ထားတုန်းဖြစ်တဲ့အတွက် အတိအကျ ဘာမှမသိရသေးပါဘူး၊ သူတို့ကို ညောင်ကုန်းကနေပြီးတော့မှ မိထ္တီလာ ဆေးရုံကိုပို့ထားပါတယ်၊Facmous ပေါ်က ခရီးသည်တွေကတော့ သူတို့ဘာသာသူတို့ ပြောင်းပြီး ဆက်သွားပါပြီ” ဟု ပြောကြားသည်။
ဖြစ်စဉ်မှာ မေလ ၂၆ ရက် နံနက် ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က ပျော်ဘွယ်မြို့နယ် ပေပင်လေးအမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှမန္တလေးဘက်သို့ ယာဉ်မောင်း သန်းထွန်းနိုင် မောင်းနှင်လာသော ယာဉ်အမှတ် YGN/8M------ Light Truck အမျိုးအစား အဖြူရောင်မော်တော်ယာဉ်မှာ သတ်မှတ်မိုင်နှုန်းအတိုင်း ရှေ့မှမောင်းနှင်နေစဉ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၅၈ မိုင် ၅ ဖာလုံအနီးသို့ အရောက် ယာဉ်မောင်း မင်းဟိန်းထွဋ် မောင်းနှင်လာသော ယာဉ်အမှတ် YGN/6M -------SCANIA အမျိုးအစား အဖြူရောင် Famous အဆင့်မြင့် ခရီးသည်တင်မှန်လုံယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ပဲ နောက်မှဝင်ရောက်တိုက်မိခဲ့ပြီးနောက် Light Truck မော်တော်ယာဉ်မှာ လမ်းမညာဘက် မြေသားလမ်းပေါ်တွင် တိမ်းမှောက်ကာ ရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်မင်းသက်လှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ပေပင်လေးအမြန်လမ်းမကြီး မီးသတ်စခန်းမှ လ/ထဦးစီးမှူး ကျော်ကျော်နှင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာ လိုက်ထရပ်ယာဉ်အား နောက်မှဝင်တိုက်သော Famous မော်တော်ယာဉ်ပေါ်လိုက်ပါသူတို့မှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိပဲ Light Truck မော်တော်ယာဉ်ပေါ်ပါရှိသူများအနက် အမျိုးသမီး ၂ ဦးဖြစ်သည့် ဒေါ်မော်ဦး နှင့် ဒေါ်သောင်းအေးမှာ သေဆုံးသွားခဲ့ပြီး သံဃာတစ်ပါး အပါအဝင် ကျန်ခရီးသည် ၈ ဦးတို့မှာ (အတွင်းလူနာ-မစိုးရိမ်ရ)ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအား အမြန်လမ်းတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ယင်းဆေးရုံမှတဆင့် မိတ္ထီလာ ပြည်သူ့ဆေးရုံသို့ထပ်မံလွှဲပြောင်း ကုသပေးခဲ့ကြောင်း ပေပင်လေးအမြန်လမ်းမကြီးရဲစခန်း၏ ရဲမှတ်တမ်းများအရသိရသည်။
မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ကာ ယာဉ်မတော်တဆမှုဖြစ်စေသူ Famous ခရီးသည်တင် ယာဉ်မောင်း မင်းဟိန်းထွဋ် အား ဥပဒေအရ အရေးယူပေးရန် ရဲအုပ်မင်းသက်လှိုင်က တရားလိုလုပ် တိုင်တန်းခဲ့သောကြောင့် ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၁၉/၂၀၁၉၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
No comments:
Post a Comment