ရခိုင်ပြည်နယ်မှ လယ်သမားများအတွက် ယခုနှစ်အတွင်း ဘဏ်ချေးငွေ ကျပ်၈၄ ဘီလီယံအထက်ကို ထုတ်ချေးပေးသွားမည်ဟု စစ်တွေမြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ အဆိုပါချေးငွေကို လယ်သမားတစ်ဦးလျှင် တစ်ဧကကို ၁ သိန်းခွဲစီဖြင့် ၁၀ ဧကနှုန်း၊ ငွေတစ်ရာတွင် ပြား ၈ဝ အတိုးနှုန်းထားဖြင့် ယခုနှစ် မေလမှစ၍ စက်တင်ဘာလအထိ ထုတ်ချေးသွားမည်ဟု မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက နိရဉ္စရာသို့ပြောသည်။
“ကျွန်တော်တို့က ဒီမေလ ၆ ရက်နေ့ကစပြီး ငွေချေးပေးခဲ့တာဖြစ်ပါတယ်။ အရင်နှစ်တွေက ချေးငွေတွေကို ပြန်မဆပ်သေးတာတွေလည်းရှိပါတယ်။ ပြန်မဆပ်သေးသူတွေကို တရားဥပဒေအရစီရင်ဖို့ကလည်း ထောင်နဲ့ ချီပြီး ရှိတဲ့အခါ အကုန်လုံးကို တရားစွဲဖို့လည်း မဖြစ်နိုင်ဘူး။ တချို့က သူတို့ အခက်ခဲတွေရှိလို့ ပါဆိုပြီး ငွေဆပ်ဖို့အချိန်ကို ဆိုင်းငံ့ထားတာရှိတယ်။ စည်းကမ်းချက်တွေနဲ့ နှစ်ဦးသဘောတူစာချူပ်ချူပ်ပြီးမှ ငွေချေးပေးတာဆိုတော့ ပြန်ဆပ်ပေးစေချင်ပါတယ်”ဟု ဦးအေးသိန်းက ပြောသည်။
ယခုနှစ်အတွက်ထုတ်ချေးမည့် ဘဏ်ချေးငွေ ၈၄ ဘီလီယံတွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအပါအဝင် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် ဇန်နဝါရီလမှ မတ်လအထိ မိုးကြိုစိုက်ပျိုးရေးစရိတ်ချေးငွေတို့ပါဝင်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ လယ်ယာစိုက်ပျိုးစားတဲ့သူတွေကတော့ နှစ်တိုင်း ဒီချေးငွေနဲ့ လည်ပတ်နေရတာပါ။ နှစ်တိုင်း ပြား ၈ဝ အတိုးနှုန်းနဲ့ချေးနေတော့ ကျနော်တို့မှာ လည်ပတ်ရတာ အဆင်မပြေဘူး။ ပြီးတော့ ကျနော်တို့ ဘက်မှာ ဆားငံရည်ထွက်တော့ စပါးကလည်း အထွက်မကောင်းဘူး”ဟု စစ်တွေမြို့နယ်မှ လယ်သမား တစ်ဦးဖြစ်သူ ဦးဖိုးထွန်းလှမှ ပြောသည်။
ရခိုင်ပြည်နယ်မှ လယ်သမား ၁၁၃၁၂၉ ဦးကို ၂၀၁၇-၁၈ ခုနှစ်တွင် ကျပ်ငွေ ၈၄ ဘီလီယံခန့် ထုတ်ချေးနိုင်ခဲ့သော်လည်း ပြန်မဆပ်သော လယ်သမားဦးရေ ၁၇၂၈ ဦး ရှိခဲ့သည်ဟုလည်း သိရသည်။
ပြန်မဆပ်နိုင်သည့်လယ်သမားများအနက် ကျောက်တော်မြို့နယ်မှ ၁၂ ဦးနှင့် မြေပုံမြို့မှ ၄ ဦးတို့ကို တရားစွဲဆိုရန်ဆောင်ရွက်နေသည်ဟု သိရသည်။
No comments:
Post a Comment