
သမ္မတထရမ့်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် နွေးထွေးရင်းနှီးသည့်ဆက်ဆံရေးရှိပြီး အမေရိကန်တို့က အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအလားအလာအဖြစ် ရှုမြင်သည့် ဂျပန်ကားတင်ပို့မှုအား အခွန်တိုးကောက်မှုအပေါ် အလေးထားကြောင်း ဂျပန်ဘက်က ပြသလိုသည်။
အမေရိကန်သည် တရုတ်နှင့်ဖြစ်ပွားနေသည့် ကြီးမားသည့်ကုန်သွယ်ရေးစစ်ပွဲအလယ်ခေါင်တွင် ရှိနေပြီး ဂျပန်၊ ဥရောပသမဂ္ဂတို့နှင့်လည်း ကုန်သွယ်ရေးတင်းမာမှု တအုံနွေးနွေး ရှိဆဲဖြစ်သည်။
မေ ၂၆ ရက်(ယနေ့)တွင် ထရမ့်နှင့် အာဘေးဆွေးနွေးကြချိန်တွင် နှစ်ဘက်ကုန်သွယ်ရေးတင်းမာမှုလျှော့ချရန် မျှော်လင့်ရသည်။မြောက်ကိုရီးယားအရေးကိုလည်း မပျက်မကွက်ထည့်သွင်းဆွေးနွေးနိုင်သည်။
အာဘေးက နှစ် ၂၀ဝ အတွင်း အကြီးကျယ်ဆုံးအခမ်းအနားသို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ၄င်းကို ဖိတ်ကြားခဲ့ကြောင်း ထရမ့်က မေ ၂၄ ရက်၌ ပြောဆိုခဲ့သည်။
ယင်းမှာ မကြာမီက နန်းတက်ခဲ့သည့် ဂျပန်ဧကရာဇ် နာရူဟီတိုက တွေ့ဆုံရန် ပထမဆုံးနိုင်ငံအကြီးအကဲတစ်ဦးအနေဖြင့် ဖိတ်ကြားခံရခြင်းကို ဆိုလိုခြင်းဖြစ်သည်။
ထရမ့်လိုက်ပါလာသည့် အဲဖို့စ်ဝမ်းလေယာဉ်ဆင်းသက်မှုမပြုမီတွင် ဂျပန်၌ ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ တိုကျိုတောင်ပိုင်း ချီဘာအရပ် မြေအောက် ကီလိုမီတာ ၄၀(၂၄ မိုင်)ကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ကြောင့် ဆူနာမီဒီလှိုင်းအန္တရာယ်မရှိကြောင်း သိရသည်။
No comments:
Post a Comment